ကိုလက်စထရောပမာဏကို လျှော့ချဖို့
လူအတော်များများက ကိုလက်စထရောဆိုရင် မကောင်းဘူးလို့ သိထား၊ သတ်မှတ်ထားတတ်ကြပါတယ်။ လုံးလုံးကြီးတော့လည်း မမှန်ပါဘူးနော်။ အာရုံကြောတွေ၊ ဆဲလ်တွေ၊ ဟော်မုန်းတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ ကိုလက်စထရောကတော့ လိုအပ်ပါတယ်။ သွေးကြောတွေမှာ စုပုံလာပြီး အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေကို သွေးအသွားအလာ နည်းသွားတဲ့အခါမှာတော့ ကိုလက်စထရောက ဒုက္ခပေးပြီပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း စုပုံလာတဲ့အခါ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်လေဖြန်းတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ကိုလက်စထရောဓာတ်ဆိုတာ မတက်အောင်ထိန်းနေတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အစားများတာကလည်း အဆီတွေ၊ ကစီဓာတ်တွေဖြစ်နေတာမို့ မမျှမတတွေဖြစ်ကုန်ပြီး နာတာရှည်ရောဂါတွေ ဖြစ်ပါတော့တယ်။ သွေးတွင်းကိုလက်စထရောဓာတ်ဟာ ၂၄၀mg/dlမကျော်ရပါဘူး။ ကျော်နေတယ်ဆိုရင်လည်း သဘာဝ နည်းအတိုင်း မြန်မြန်ချဖို့လိုပါတယ်။
>> သဘာဝနည်းအတိုင်း မြန်မြန်ဘယ်လိုချကြမလဲ?
၁။ မှန်မှန်ကန်ကန် ရွေးချယ်စားတတ်ပါစေ။
အောက်မှာ ဖော်ပြထားတဲ့အစားအသောက်တွေဟာ ကောင်းတဲ့ကိုလက်စထရော HDL ကို တက်စေပြီး မကောင်းတဲ့ကိုလက်စထရော LDLတွေကို ကျစေနိုင်ပါတယ်။
● သံလွင်ဆီ
● ကြက်သွန်နီ၊ ကြက်သွန်ဖြူ
● ပျော်ဝင်အမျှင်ဓာတ်များတဲ့ အစားအစာများ
● အိုမီဂါ ၃ အဆီဓာတ်
● ပင်စိမ်း၊ နံနွင်း၊ ရိုစ့်မာရီစတဲ့ ဆေးဖက်ဝင်ဟင်းခတ်များ
အောက်ပါ အစားအသောက်တွေကို ဝေးဝေးက ရှောင်ပါ။
ကိုလက်စထရောတက်စေတာမို့ ရှောင်သင့်တဲ့အစားအသောက်တွေကတော့ -
● ကဖိန်းဓာတ်
● အရက်
● ဟင်းရွက်ဆီ
● ပြုပြင်အရောင်ချွတ်ထားတဲ့ သကြားနဲ့ကစီဓာတ်များ
● ပြန်ကြော်ဆီ တွေပါ။
၂။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ကောင်းတဲ့ကိုလက်စထရောဓာတ်တွေ တက်လာပြီး ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူတွေမှာ နှလုံးရောဂါတွေနဲ့ သွေးတိုးရောဂါတွေ ပိုဖြစ်နိုင်တာမို့ ချက်ချင်းရပ်သင့်တဲ့ အကျင့်ဆိုးတစ်ခုပါပဲနော်။
၃။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းဆိုတာ မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပေးနိုင်မယ့် လွယ်ကူတဲ့နည်းလမ်းတစ်ခုပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)















