ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်ကြမယ်
ကော်ဖီဆိုတာ ကမ်ဘာပေါ်မှာ အသောက်အများဆုံး သောက်စရာတစ်မျိုး ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လို့ ဆိုရပါမယ်။ ကော်ဖီကို ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် ဘယ်လိုသောက်ကြမလဲ?
၁။ ညနေ ၂ နာရီနောက်ပိုင်း ကော်ဖီမသောက်ပါနဲ့။
ကော်ဖီဆိုတာ ကဖိန်းအကြွယ်ဝဆုံး အစားအသောက်တစ်ခုပါ။ ကဖိန်းဓာတ်ရဲ့ တက်ကြွနိုးကြားစေတဲ့ အစွမ်းကြောင့်လည်း ကော်ဖီက နာမည်ကြီးတာပေါ့။
ဒါကြောင့် ညနေပိုင်းမှ ကော်ဖီသောက်ခဲ့ရင် ညအိပ်ချိန်မှာ အနှောင့်အယှက်ဖြစ်မှာပေါ့။ အိပ်ရေးပျက်တာနဲ့အမျှ ကျန်းမာရေးပြဿနာတွေကလည်း နောက်ကနေ ကပ်လိုက်လာမှာပါ။
၂။ ကော်ဖီထဲ သကြားတွေ အများကြီး ထည့်မသောက်ပါနဲ့။
ကော်ဖီက ကျန်းမာရေးအတွက် ကောင်းပေမယ့် သကြားတွေ အများကြီးသာ ထည့်သောက်မယ် ဆိုရင်တော့ သကြားမှာပါဝင်တဲ့ ဖရက်တို့စ်ကြောင့် ဆီးချိုတွေ၊ အဝလွန်တာတွေ အဖြစ်များလာတတ်ပါတယ်။
သကြား မလျှော့နိုင်ရင်တောင် အချိုပေါ့သကြား အစားထိုးသောက်လို့ ရပါတယ်။
၃။ သဘာဝကော်ဖီကို သောက်ပါ။
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ စိုက်ပျိုးထားတဲ့ကော်ဖီစေ့တွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ သဘာဝအော်ဂန်းနစ်ကော်ဖီစေ့ကိုသာ ရှာသောက်သင့်ပါတယ်နော်။
၄။ အများကြီး မသောက်ပါနဲ့။
ပုံမှန်သောက်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် အလွန်အကျွံသောက်လို့တော့ မဖြစ်ပါဘူး။
ကနေဒါကျန်းမာရေးဌာနက ၁.၁ မီလီဂရမ်/ပေါင်ကိုယ်အလေးချိန်ကို မကျော်လွန်စေနဲ့လို့ ဆိုပါတယ်။ ဥပမာအားဖြင့် ကော်ဖီတစ်ခွက်မှာ ကဖိန်းဓာတ် ၉၅ မီလီဂရမ်ပါတယ်ဆိုရင် ၁၇၆ ပေါင်ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့ ကော်ဖီ ၂ ခွက်ထက် ပိုသောက်လို့ မဖြစ်ဘူးနော်။
ဒါပေမဲ့လည်း တစ်ချို့တွေမှာ ဒီ့ထက်ပိုသောက်နေတာတောင် ဘာမှမဖြစ်တာ တွေ့ရတာကြောင့် လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်အားမတာမို့ ချင့်ချိန်သောက်ကြပါလို့ပဲ ပြောချင်ပါတယ်။
၅။ ကော်ဖီထဲ သစ်ကြံပိုးခေါက် ထည့်သောက်ပါ။
သစ်ကြံပိုးဟာ ကော်ဖီအရသာနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။ ဒါ့အပြင် သစ်ကြံပိုးက သွေးအချိုဓာတ်၊ ကိုလက်စထရော၊ ထရိုင်ဂလစ်စရိုက် အဆီဓာတ်တွေကို ကျစေနိုင်တာမို့ ကော်ဖီထဲ သစ်ကြံပိုးမှုန့်လေး နည်းနည်းဖြူးသောက်ပေးတာက အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါလိမ့်မယ်။ အများကြီး ထည့်သောက်ရင်တော့ မကောင်းဘူးနော်။
၆။ အဆီနည်းပြီး ပြုပြင်ထားတဲ့ ခရင်မ်မာတွေကို ရှောင်ပါ။
ဈေးကွက်ထဲက အဆီနည်းပြီး ပြုပြင်ထားတဲ့ ခရင်မ်မာတွေဟာ အပြုပြင်လွန်ပြီး ဘာတွေပါမှန်း မသိတာမို့ ရှောင်ပေးတာ ပိုကောင်းပါတယ်။
တံဆိပ်တစ်မျိုးနဲ့တစ်မျိုး မတူနိုင်ပေမယ့်လည်း ဖြစ်နိုင်ရင် ကယ်လ်ဆီယ်နဲ့ ဗီတာမင်ကေတွေ ကြွယ်ဝတဲ့ သဘာဝအဆီပြည့်နို့မှုန့်တွေကိုသာ ထည့်သောက်ပေးပါ။
၇။ ကော်ဖီထဲ ကိုကိုအာမှုန့် ထည့်သောက်ပေးပါ။
ကိုကိုအာမှုန့်ဟာ အင်တီအောက်စီဒန့်ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာမို့ နှလုံးရောဂါကို ကာကွယ်တဲ့နေရာမှာ ဆရာတစ်ပါးပါပဲ။ ကော်ဖီထဲ ထည့်သောက်ခြင်းဖြင့် အရသာလည်း ပိုရှိတာပေါ့။ သကြားမထည့်ဘဲ ကိိုကိုအာ ထည့်သောက်ပြီး အိမ်လုပ် ကော်ဖီမိုခါးလေးကို ဖန်တီးယူပါနော်။
၈။ စက္ကူစစ်အိတ်လေးနဲ့ ကော်ဖီနှပ်ပါ။
နှပ်ကော်ဖီတွေမှာ ကိုလက်စထရောကို တက်စေတဲ့ ကဖဲစတောဆိုတဲ့ ဓာတ်တစ်မျိုး ပါ,ပါတယ်။ စက္ကူစစ်အိတ်ကလေးနဲ့ ကော်ဖီနှပ်ခြင်းဖြင့် ဒီဓာတ်ကို လျော့နည်းစေနိုင်တယ်နော်။
>> နောက်ဆုံးအနှစ်ချုပ် ပြောရမယ်ဆိုရင် -
ကော်ဖီဆိုတာ လန်းဆန်းတက်ကြွစေတဲ့အစွမ်းကြောင့် အင်မတန် လူကြိုက်များတဲ့ အရည်တစ်မျိုးပါ။
ကော်ဖီသောက်ခြင်းအားးဖြင့် ကျန်းမာရေး အကျိုးထူးတွေကို ခံစားရနိုင်ပါတယ်။ ဒီကျန်းမာရေးအကျိုးတွေ ပိုတိုးအောင် ကိုယ်တိုင်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း အများကြီးပါပဲ။
အရေးအကြီးဆုံးက သကြားတွေ အများကြီး ထည့်မသောက်ဖို့ပါ။ ဒီအစား သစ်ကြံပိုးမှုန့်တို့၊ ကိုကိုအာမှုန့်တို့နဲ့ အစားထိုးနိုင်ပါတယ်။
ပြီးတော့ နေ့ခင်းနှောင်းပိုင်းနဲ့ ညပိုင်းတွေမှာ ကော်ဖီကို ရှောင်ပေးပါ။
ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပြီးတော့ အရသာရှိတဲ့ကော်ဖီကို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် သောက်ကြရအောင်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)














