ကျန်းမာစွာ ရေချိုးခြင်း အနုပညာ
ကိုယ်ပေါ်ကို အေးမြတဲ့ ရေလေးတစ်ခွက် လောင်းလိုက်တာနဲ့ အင်မတန် လန်းဆန်းသွားပြီး နေလို့ ထိုင်လို့ ကောင်းစေပါတယ်။ တကယ်တော့ ရေချိုးတယ်ဆိုတာလည်း အနုပညာတစ်ခုပါတဲ့။
ဒီတော့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်လေးလည်းဖြစ် လူလည်း သန့်သွားအောင် ဘယ်လိုရေချိုးမလဲ?
● နေပူထဲက ပြန်လာပြီး အနည်းဆုံး နှစ်နာရီခန့် နားပြီးမှ ရေချိုးပါ။ မချိုးခင် ရေ အ၀သောက်ပါ။
● ရေချိုးတဲ့အခါ ဘယ်က စလောင်းလောင်း အတူတူပါပဲ။ ခြေဖျားက စလောင်း၊ ဒူးက စလောင်းတာတွေကို မေ့လိုက်ပါ။
● သိပ်ပူလွန်းတဲ့ ရေနွေးက အရေပြားအောက်က သွေးကြောလေးတွေကို ပေါက်ကွဲပျက်စီးစေပြီး အသားအရေကို အလွန်ခြောက်သွေ့စေပါတယ်။ ရေအေးအေးကတော့ ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး အဆီပြန်ခြင်း သက်သာစေပါတယ်။
● ရေကန်ထဲက အေးစက်နေတဲ့ရေ ခပ်မချိုးမီ ကြက်သီးနွေး ရေနွေးလေးနဲ့ အရင် လောင်းချိုးလိုက်တာဟာ ချွေးပေါက်တွေကို ပွင့်သွားစေပြီး ချေးတွန်းလိုက်တဲ့အခါ ပိုမိုစင်ကြယ်သွားပါတယ်။ ရေပုံးလေးနဲ့ ခွဲထားပြီးမှ ရေပုံးက ရေ အရင်ချိူးပြီးမှ ရေတွင်းရေကန်က ရေအေးအေးစိမ့်စိမ့်ကို ထပ်ချိုးသင့်ပါတယ်။
● ခပ်လောင်းတဲ့ရေထက် တသွင်သွင် စီးကျနေတဲ့ရေက ကြေး ပိုပြောင်ပါသတဲ့။ ရေပန်းနဲ့ ချိုးတဲ့အခါ ကြေးတွေကို စီးနေတဲ့ရေကနေ ဆေးချလိုက်သလိုပါပဲ။
● ရေ အားရပါးရ လောင်းပြီးတဲ့အခါ ဘယ်ကစ ကြေးတွန်းမလဲ။ ခြေထောက်ကနေ စပါတဲ့။ သွေးလည်ပတ်မှုကို စကောင်းစေဖို့ ခြေချင်းဝတ်၊ ခြေဖမိုးတွေကနေ ဘရပ်ပ်နဲ့ စတိုက်ပါ။ ပြီးမှ တဖြည်းဖြည်း အပေါ်ကို တက်ပြီး တိုက်ပါ။
● ဆပ်ပြာ နှစ်ကြိမ် တိုက်ရမယ့်နေရာများ - ချိုင်းကြား၊ ပေါင်ခြံ နဲ့ ဂုတ်သားတွေ ဖြစ်ပါတယ်။
● အမြဲကျန်တဲ့နေရာ - ခါး နဲ့ ခါးနောက်ပိုင်းပါ။ ထမီ၊ စကပ် ပတ်တဲ့နေရာမို့ သတိထားပြီး ချောမွေ့ ကြေး ပြောင်အောင် ဆပ်ပြာ သေချာတိုက်ပေးပါ။
● ဆပ်ပြာတိုက်တဲ့အခါ ဆပ်ပြာရည်၊ အခဲကို လက်ထဲမှာ ထည့်ပြီး အမြှုပ် ဖွားဖွားထအောင် ပွတ်ပြီးမှ တိုက်ပါ။ တစ်ကိုယ်လုံးကို လွှမ်းခြုံ ထုပ်ပိုးထားသလို ဆပ်ပြာမြှုပ်တွေ လွှမ်းခြုံနေပါစေ။
● ဆပ်ပြာရည် သုံးမယ်ဆိုရင် ကိုယ်ပေါ်ကို တိုက်ရိုက်မတင်ပါနဲ့။ ရေဆေးချတဲ့အခါ ခက်ပြီး မပြောင်တတ်ပါဘူး။ ကောင်းတာက လက် (သို့မဟုတ်) သပွတ်အူ ရေမြှုပ်ထဲ ထည့််လိုက်ပြီး ပွတ်တာ အကောင်းဆုံးပါ။ တစ်ကိုယ်လုံးကို သွေးလည်ပတ်မှု ကောင်းသွားစေပြီး အသားအရေကို ကြည်လင်စေပါတယ်။
● ခေါင်း အရင် လျှော်ရမလား၊ ရေ အရင် ချိုးရမလား၊ ရေ အရင် လောင်းချိုးတာ ကောင်းပါတယ်။ တစ်ကိုယ်လုံးက အပူတွေကို ညီညွတ်မျှတသွားစေတဲ့အတွက် ကျန်းမာရေးနဲ့ ပိုသင့်တော်ပါတယ်။
● တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိတွေကို ကျောက်တုံးကြမ်းကြမ်းနဲ့ ပွတ်တိုက်ပေးမှ အမည်းသက်သာပြီး ပန်းရောင် သန်းလာစေမှာပါ။ သံပရာအူတိုင်၊ ရှောက်သီး အူတိုင်တွေနဲ့လည်း ပွတ်တိုက်နိုင်ပါတယ်။ ဆဲလ်အသေတွေ စုပုံနေတဲ့နေရာမို့ မည်းတူးနေတဲ့အတွက် အလွန်ရုပ်ပျက်စေပါတယ်။
● သဘာဝ ကြေးချွတ်ဆေး သုံးပါ။ ငွေကုန်တဲ့ scrub တွေထက် သဘာဝကျကျ ကိုယ်ခန္ဓာ ကြေးချွတ်ဖို့ သုံးနိုင်တဲ့ body scrub တွေကတော့ -
1. သကြား
2. ဆားကြမ်း
3. ဆန်မှုန့်
တို့ ဖြစ်ပါတယ်။
သံပရာရည်၊ ရှောက်ရည် ရောလိုက်ရင် ပိုထိရောက်ပါတယ်။ Scrub လိမ်းကျံပြီးရင် နှစ်မိနစ်ခန့် ထားပြီးမှ ရေ ဆေးချပါ။ ဆဲအသေတွေကို သုံးရက် တစ်ခါ ရှင်းပေးခြင်းဖြင့် အသားအရေ ပိုမိုလန်းဆန်း တောက်ပြောင်စေပါတယ်။ ကြေးချွတ်ပြီးခါက အသားအရေကို သပွတ်အူတွေနဲ့ ထပ်မတိုက်ပါနဲ့။ အသားအရေ ပွန်းပဲ့တတ်ပါတယ်။ ရေနွေးနွေးနဲ့ ဆေးချပစ်ပါ။
● မနက်အစောကြီးတွေ၊ ညနေ မိုးချုပ်ချုပ်မှ ချိုးတာတွေ လုပ်တဲ့အခါ ရေနွေးနွေးလေး အမြဲ ပါ,ပါစေ။ ကိုယ်အပူချိန် ကျဆင်းနေချိန်မို့ ရေအေး ခပ်လောင်းချိုးခြင်းဖြင့် အာရုံကြောတွေကို ပိုမိုထုံထိုင်းစေလို့ပါ။
● ခေါင်းလျှော်ရည်ဆိုင် သွားမယ်ဆို အိမ်ကနေ ရေချိုးသွားပါ။ ပြန်ရောက်ရင် ဂုတ်နဲ့ လည်ပင်းကို တဘက်လေး ရေဆွတ်ပြီး ပြန်လည်သန့်စင်ပါ။
● လေဖြတ်တဲ့သူ ရေချိုးသင့်သလား။ ချိုးသင့်ပါတယ်။ ရေဇလုံထဲမှာ ရေနွေးနွေးနဲ့ စိမ်ချိုးစေတာက အကြောတွေကို ပြေလျော့သွားစေတာကြောင့် ပိုထိရောက်ပါတယ်။ ရေနွေးနွေးပြီးမှ ရေအေးကို တစ်ဆင့်ချင်း လောင်းချိုးပေးပါ။
● ဖျားရင် ရေချိုးလို့ ရလား။ ရပါတယ်။ ရေနွေး တစ်ပုံး၊ ရေအေး တစ်ပုံး စပ်ပြီး ချိုးပါ။ မပူလွန်း၊ မအေးလွန်းတဲ့ ရေကို သုံးပါ။ ရေမချိုးခင် ရေနွေးငွေ့ ရှူပါ။ အသက်ရှူလမ်းကြောင်းတွေကို ပွင့်သွားစေပြီး နှာစေးတာ သက်သာစေပါတယ်။ မူးနေတာ၊ မတ်မတ်မရပ်နိုင်တာတွေရှိရင် ချိနဲ့နေခဲ့ရင် မချိုးပါနဲ့။ လဲပြိုကျပြီး ဒုက္ခတွေ့တတ်ပါတယ်။ ကိုယ်သိပ်ပူနေတဲ့အခါ သာမန်အပူချိန် ရေအေးနဲ့ ရေပတ်တိုက်ပေးနိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















