ကျန်းမာပျော်ရွှင်တဲ့ နှလုံးကိုပိုင်ဆိုင်ဖို့ ဤနည်းလမ်းတွေကို ယခုပင်လိုက်လုပ်ကြပါစို့
မျိုးရိုးဗီဇကြောင့်ဖြစ်စေ၊ မိသားစုရာဇ၀င်ရှိလို့ဖြစ်စေ နှလုံးရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းများတယ် ဆိုပေမယ့် နေထိုင်မှု ပုံစံမှားယွင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ နှလုံးရောဂါေ၀ဒနာ ခံစားရနှုန်းကိုတော့ လျော့ချနိုင်မယ့် နည်းလမ်းတွေရှိ ပါတယ်။ လူတိုင်းလိုက်လုပ်နိုင်တဲ့နည်းလမ်းတွေဖြစ်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့နှလုံးကို ပိုင်ဆိုင်နိုင်အောင် ဒီနေ့ပဲ စတင်လုပ်ဆောင်လိုက်ပါ။
1. အမူအကျင့်ဆိုးတွေကို ပြောင်းလဲလိုက်ပါ။
အရင်ဆုံးဆေးလိပ်ဖြတ်လိုက်ပါ။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေ ထက်ပိုပြီး 10 နှစ်ခန့် အသက်တိုတတ်တယ်လို့ UK က လေ့လာမှုတစ်ခုမှာ ဖော်ပြ ထားပါတယ်။ အသသက် 40 မတိုင်မီဆေးလိပ်ဖြတ်နိုင်ပါက နှလုံး ရောဂါဖြစ်ပွားနှုန်းဟာ ဆေးလိပ်သောက်သူတွေထက် 10 ဆ လျော့ကျသွားပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းကြောင့် နှလုံး ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက အသက်ရှုလမ်းကြောင်းစနစ် ပိုမိုကောင်းမွန်လာခြင်း၊ စိတ်ခံစားမှုပြောင်းလဲကောင်းမွန်လာခြင်း၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျော့ချခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုပါ တပြိုင်နက် ခံစားရမှာဖြစ်ပါတယ်။
2. ခန္ဓာကိုယ်ပိန်သလား၊ ၀သလား အမြဲစောင့်ကြည့်ပါ။
အ၀လွန်ခြင်းကြောင့် အမျိုးအစား (2) ဆီးချိုရောဂါဖြစ်ပွားနှုန်းမြင့်တက်လာတာနှင့် အမျှ နှလုံးရောဂါဖြစ်ပွားဖို့ အခွင့် အလမ်းလည်း များပြားလာပါတယ်။
3. ၀က်ပေါင်ခြောက်ကဲ့သို့သော ပြုပြင်ထားတဲ့ အစားအစာတွေကို နှုတ်ဆက်လိုက်ပါ။
အစောပိုင်း လေ့လာမှုများအရ အနီရောင်ရှိတဲ့ အသားစားသုံးခြင်းက နှလုံးခန်းမှ သွေးညှစ်ထုတ်တာ နည်းသောအခြေ အနေ (Heart failure) ဖြစ်နှုန်းကို 24% ထိမြင့်တက်စေတာကြောင့် အနီရောင်အသားတွေကိုလျော့စားဖို့ ကျန်းမာရေးစာစောင် တွေမှာ အကြံပြုခဲ့ကြပါတယ်။ ဒါပေမဲ့ လေ့လာမှုများအသစ်များအရ ပြုပြင်ထားတဲ့ အစားအစာများ (ဥပမာ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်း၊ ၀က်ဆားနယ်) များစားသုံးခြင်းကသာ နှလုံးရောဂါဖြစ်ပွားနှုန်းနဲ့ ဆက်စပ်နေပြီး လတ်လတ်ဆတ်ဆတ် အနီရောင် အသား အနေတော်လောက်ကို ချက်ပြုတ်စားသုံးခြင်းနှင့် ဆက်စပ်မှုမရှိဘူးလို့သိရပါတယ်။
4. ဆားလျော့စားပါ။
ဆားအလွန်အကျွံစားသုံးခြင်းနှင့် သွေးတိုးရောဂါနှလုံးရောဂါတို့ ဆက်စပ်မှုရှိတာကြောင့် တစ်နေ့လျှင် ဆား 6 ဂရမ်ထက် ပိုမစားသင့်ပါဘူး။ ထုတ်ပိုးထားတဲ့ အစားအစာများမှာ ဆားပါ၀င်မှုနှုန်းကို သိရှိအောင်တံဆိပ် (label) ကို သေချာစွာကြည့်ပါ။
5. သကြားဖြတ်ပါ။
သကြားမှာ အာဟာရတန်ဖိုးမရှိပါဘူး။ သကြားအလွန်အကျွံစားသုံးခြင်းက အ၀လွန်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ကြောင့်သေဆုံးနှုန်းကို မြင့်တက်စေပါတယ်။
6. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းက နှလုံးကိုကောင်းကောင်းအလုပ်လုပ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ ဇီ၀ကမ္မ ဖြစ်စဉ်တွေကိုမြန်ဆန်စေပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးတာကြောင့် တစ်ချက် ခုတ်နှစ်ချက်ပြတ်စေတဲ့ အလေ့အကျင့် ကောင်းဖြစ်တယ်ဆိုတာကို ပြောနေစရာမလိုတော့ပါဘူး။
7. စိတ်ဖိစီးမှုနည်းအောင်နေပါ။
စိတ်ဖိစီးမှုက ခန္ဓာကိုယ်အတွက်အကျိုးမပြုပါဘူး။ ကော်တီဇော (Cortisol) စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ဟော်မုန်းက အဆီနှင့် အချိုပါ၀င်မှုများသော အစားအစာများကို အာသီသပြင်းပြီး မကောင်းတဲ့အဆီများကို စုစေခြင်းတို့ကြောင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။
Dr. Htet Htet Aung
















