/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျီးပေါင်းရောဂါ-ဖြစ်နေရင်-ကိုယ့်ကိုယ်ကို-ဘယ်လို

ကျီးပေါင်းရောဂါ ဖြစ်နေရင် ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လည်ပင်းနာ၊ ခါးနာ၊ ဒူးနာတာရဲ့ အဓိက အကြောင်းအရင်းတစ်ခုက ကျီးပေါင်းရောဂါ ဖြစ်ပါတယ်။ လူကြီးတွေမှာ အတွေ့ရများပေမယ့် ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံတွေကြောင့် လူငယ်တွေမှာလဲ ကျီးပေါင်းေ၀ဒနာ ခံစားလာရတာကို တွေ့ရပါတယ်။

          ခံရခက်တဲ့ ကျီးပေါင်းေ၀ဒနာအတွက် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲဖို့ လိုအပ်တာတွေနဲ့ ပတ်သက်ပြီး မျှေ၀ပေးချင်ပါတယ်။ ကျီးပေါင်း ရောဂါဟာ လည်ပင်း၊ ခါး၊ ဒူးတွေမျာ အဓိက ဖြစ်လေ့ရှိပြီး ပျောက်ကင်းအောင် ကုသ၍မရနိုင်သေးပေမယ့် လူနေမှုပုံစံ ပြောင်းတာတွေ၊ ကာယကုထုံး ခံယူတာတွေက ကျီးပေါင်းေ၀ဒနာ ကုသရာမျာ များစွာအထောက်အကူ ဖြစ်ပါတယ်။

 

၁။     လေ့ကျင့်ခန်းတစ်ခုခုကို ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ပေးပါ။

          လေ့ကျင့်ခန်းဟာ ကျီးပေါင်းသမားတွေအတွက် အထူးလိုအပ်ပါတယ်။ အထိုင်များလို့ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းလို့ဖြစ်စေ ကျီးပေါင်းကြောင့်ဖြစ်တဲ့ ခါးနာ ပိုဆိုးနိုင်တာကြောင့် လေ့ကျင့်ခန်း လုပ်ရပါမယ်။ ရေကူးတာက အကောင်းဆုံးလေ့ကျင့်ခန်းလို့ ဆိုကြပေမယ့် လမ်းလျှောက်၊ ယောဂ၊ ထိုက်ကျိ ကစားခြင်း စတာတွေကလည်း ရောဂါကို သက်သာစေပါတယ်။ အရိုးအကြောတွေကို ဖြေလျော့ပေးမယ့် လေ့ကျင့်ခန်းတွေ၊ ကြွက်သား သန်မာစေတဲ့ လေ့ကျင့်ခန်း စတာတွေနဲ့ ပတ်သက်ပြီး ရူပကုထုံး ကျွမ်းကျင်သူ (သို့) ဆရာ၀န်ဆီကနေ အကြံဉာဏ် ရယူပါ။ စိတ်မပါဘူး၊ အချိန်မရှိဘူးလို့ ပြောမယ့်အစား လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ကြိုးစားရင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။

 

၂။     ရူပကုထုံး (ကာယကုထုံး) ပညာရှင်ရဲ့ အကူအညီယူပါ။

          ရူပကုထုံးတွေက တောင့်တင်းတာတွေကို ပြေလျော့ပြီး နာကျင်မှုတွေကို သက်သာစေမှာပါ။ ကုထုံးပညာရှင်ရဲ့ အကြံဉာဏ် ရယူပါ။ ရလဒ်ကောင်းကို အချိန်တိုတွင်း မရနိုင်ပါ။ စိတ်ရှည်ရှည်ထားပြီး အချိန်မှန်မှန် ကုသမှု ခံယူမှသာ ထိရောက်မှုရှိမှာ ဖြစ်ပါတယ်။

 

၃။     အလုပ်မှာလည်း ဂရုစိုက်ပါ။

          ကုန်ထမ်း၊ အလေးမ၊ အိမ်ဆောက်၊ ကျွမ်းဘား စတာတွေက ကျီးပေါင်းေ၀ဒနာရှင်တွေနဲ့ ရှောင်ကြဉ်သင့်တဲ့ အလုပ်တွေ ဖြစ်တာကြောင့် ဂရုစိုက်ပါ။ လိုအပ်ပါက အလုပ် ပြောင်းသင့် ပြောင်းရပါမယ်။ အလုပ်မျာ အထိုင်များသူတွေအနေဖြင့်လည်း လုပ်ရှားမှု ပြုလုပ်ရန်၊ နေ့လယ်စာ စားချိန်၊ နားချိန်တွေမှာ လမ်းလျှောက်တာမျိုး၊ ခန္ဓာကိုယ် ဖြေလျော့တာမျိုးတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

 

၄။     ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။

          ကိုယ်နေဟန်ထား မမှန်တာတွေကို သတိထားပြီး ပြုပြင်ပါ။ တီဗီကြည့်ရာမှာဖြစ်စေ၊ မတ်တတ်ရပ်ရာမှာဖြစ်စေ ဦးခေါင်းကို တည့်တည့်ထားပါ။ ပခုံးနဲ့ လည်ပင်းကလည်း သက်သောင့်သက်သာနဲ့ တန်းနေပါစေ။ ခါးကို မတ်မတ်ထားဖို့ သတိရပါ။

 

၅။     ဆေးဝါးအကူအညီ ရယူပါ။

          ကျီးပေါင်းကို ပျောက်ကင်းအောင် ကုသလို့ မရနိုင်သေးပေမယ့် ဆေးဝါးများဖြင့် ရောဂါလက္ခဏာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက နာကျင်မှု သက်သာစေပါတယ်။ တခြားဆေးတွေနဲ့ ကုသရတာတွေလည်း ရှိနိုင်တာကြောင့် ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပါ။

 

၆။     အိပ်ရေး၀အောင် အိပ်ပါ။

          အိပ်စက်ခြင်းက ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဖို့အတွက် အမှန်ပင် အရေးပါ,ပါတယ်။ အိပ်တဲ့အခါမှာလည်း အနေအထားမှန်ဖို့ လိုပါတယ်။ တောင့်တင်းတဲ့အိပ်ရာကို ရွေးချယ်ပါ။ ခြေထောက်နှစ်ခုကြားမှာ ခွခေါင်းအုံးထား၍ အိပ်စက်ပါ။

 

၇။     အကောင်းမြင်စိတ် မွေးပါ။

          အကောင်းမြင်စိတ်ဟာ ဒီနေ့ခေတ်မှာ မရှိမဖြစ် လိုအပ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ဖြစ်လာသမျှကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ဖို့ ကြိုးစားပါ။ ရောဂါဖြစ်ရတာကို စိတ်ပျက်အားငယ်နေပြီး စိတ်ဆင်းရဲနေမယ့်အစား အတတ်နိုင်ဆုံး ကျန်းမာအောင်နေမယ်၊ ဆေးတွေသောက်မယ်၊ စိတ်အားတင်းရမယ် ဆိုပြီး အကောင်းဘက်က တွေးပါ။ စိတ်ပျိုကိုယ်နု၊ စိတ်ဆောင်တော့ ကိုယ် ကျန်းမာလာပါတယ်။ အကောင်းမြင်စိတ်ကြောင့် စိတ်ဖိစီးမှု လျော့နည်းစေပြီး နာကျင်မှု သက်သာစေတယ်လို့ သိရပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)