ကျောက်ကပ်ကို ထိခိုက်စေတဲ့အပြုအမူများ
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေတိုင်းဟာ အရေးပါတဲ့အလုပ်တွေကို ကိုယ်စီကိုယ်စီ လုပ်ကိုင်ပါတယ်။ ဒီထဲမှာ ကျောက်ကပ်လည်း ပါတာပေါ့။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ပိုလျှံနေတဲ့ရေတွေကို စွန့်ထုတ်ပေးပါတယ်။ ဒါပေမဲ့လည်း လူတွေက ဂရုမစိုက်ဘဲ ကျောက်ကပ်ကို ပျက်စီးစေတဲ့ အပြုအမူဆိုးတွေကို လုပ်ဆောင်နေတတ်ကြပါတယ်။ ဘယ်လိုအကျင့်ဆိုးတွေလဲဆိုရင် -
>> ရေ ကောင်းကောင်းမသောက်ခြင်း
ရေ ကောင်းကောင်းမသောက်တာဟာ ကျောက်ကပ်ကို တော်တော်ပျက်စီးစေနိုင်ပါတယ်။ ကျောက်ကပ်ရဲ့အလုပ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ပစ္စည်းတွေ ညီမျှအောင် ပြုလုပ်ပေးပါတယ်။ ခန္ဓာကိုယ်က ကောင်းကောင်းရေဓာတ်မပြည့်ဝတဲ့အခါ ကျောက်ကပ်ကိုလာတဲ့ သွေးပမာဏ လျော့နည်းသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ စုပြုံလာတော့တာပေါ့။
>> နာရီပေါင်းများစွာ ဆီးမသွားဘဲ အောင့်ထားခြင်း
ဆီးမသွားဘဲ အောင့်ထားတဲ့အခါ ဆီးအိမ်ထဲ ဆီးတွေပြည့်လာပြီး ကျောက်ကပ်ထဲမှာ ဖိအားတွေ များလာတဲ့အခါ ကျောက်ကပ်ကို ပျက်စီးစေတတ်ပါတယ်။
>> ဆိုဒီယမ်အစားများခြင်း
ဆိုဒီယမ်ဆားတွေ အစားများတဲ့အခါ ကျောက်ကပ်က စွန့်ပစ်ဖို့ ခက်ခဲသွားပြီး ဖိစီးမှုတွေ ပိုများလာတတ်ပါတယ်။ လေ့လာမှုတွေအရ ၉၀% သော အမေရိကန်တွေဟာ ဆားအစားများနေတယ်လို့ သိရပါတယ်။
>> ကဖိန်းဓာတ်လွန်ကဲခြင်း
ရေဆာတဲ့အခါ ဆိုဒါတွေ၊ အချိုရည်တွေ ပြေးသောက်တတ်ကြပါတယ်။ မသိကြတာက ဒီအချိုရည်တွေမှာ ကဖိန်းဓာတ်တွေ အများကြီးပါတယ်ဆိုတာပါပဲ။ ကဖိန်းတွေ အလွန်အကျွံသောက်တာက သွေးတိုးစေပြီး ဒီကနေတစ်ဆင့် ကျောက်ကပ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
>> အကိုက်အခဲပျောက်ဆေး အသောက်လွန်ခြင်း
အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်တာဟာ ကျောက်ကပ်လုပ်ငန်းတွေကို ထိခိုက်စေနိုင်ပါတယ်။
>> ပရိုတင်းတွေ အစားများခြင်း
ပရိုတင်းများတဲ့ အစားအသောက်တွေဟာ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ပရိုတင်းအသားဓာတ်ဟာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ပရိုတင်းများခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို စုပုံစေနိုင်လို့ပါ။
>> အအေးမိတုပ်ကွေးကို လျစ်လျူရှုထားခြင်း
အအေးမိတုပ်ကွေးဖြစ်တဲ့အခါ လျစ်လျူမရှုထားဘဲ ကျောက်ကပ် ပြန်လည်နာလန်ထူတဲ့အထိကို အနားယူဖို့လိုပါတယ်။
>> အရက် အများကြီးသောက်ခြင်း
ကျောက်ကပ် မပျက်စီးရလေအောင် အရက်ကို သင့်တင့်သလောက်သာ သောက်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















