ကျောက်ကပ်တွင် ရေအိတ်တည်ခြင်း
ကျောက်ကပ်ရေအိတ်တွေ ကျောက်ကပ်လုပ်ငန်းစဉ်တွေကို ပျက်စီးစေတဲ့ ပြင်းထန်တဲ့ပြဿနာတွေနဲ့ တွဲနေနိုင်ပေမယ့်လည်း အများအားဖြင့်တော့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တာ ရှားပါတယ်။
ကျောက်ကပ်မှာ ရေအိတ် ရိုးရိုးတည်တာက ဘာလို့လဲဆိုတာကို အကြောင်းရင်း သေချာမသိပါဘူး။ ပုံမှန်အားဖြင့်တော့ ကျောက်ကပ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရေအိတ်တစ်ခုတည်း ဖြစ်တတ်ပေမယ့်လည်း ရေအိတ်အများကြီး ဖြစ်ရင်တော့ ကျောက်ကပ်တစ်ဖက် (သို့) ၂ ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုရေအိတ်တွေကိုတော့ တခြားပြဿနာတစ်ခုခုကြောင့် ဓာတ်မှန်လိုမျိုး စစ်ဆေးမှုတစ်ခုခု လုပ်ကြည့်မှသာ မမျှော်လင့်ဘဲ တွေ့တတ်ပါတယ်။ ရောဂါလက္ခဏာမပြတဲ့ ကျောက်ကပ်ရေအိတ်တွေကိုတော့ ကုသဖို့ မလိုပါဘူး။
>> ရောဂါလက္ခဏာများ
ရိုးရိုးကျောက်ကပ်ရေအိတ်လေးတွေကတော့ လက္ခဏာပြလေ့ မရှိပေမယ့် ရေအိတ် ကြီးလာရင်တော့လည်း လက္ခဏာတွေ ပြလာနိုင်ပါတယ်။ ဒါတွေကတော့ -
● နောက်ကျော (သို့) ဘေးဘက်တွေမှာ နာခြင်း
● ကိုယ်ပူခြင်း
● ဝမ်းဗိုက်အပေါ်ပိုင်း အောင့်ခြင်း
ရောဂါလက္ခဏာတွေ ပြပြီဆိုရင်တော့ ဆရာဝန်သွားပြပါ။
>> ဖြစ်နိုင်ချေများသော အချက်များ
အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့်လည်း အသက်ကြီးလာရင်တော့ ဖြစ်နိုင်ချေ ပိုများလာပါတယ်။ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
>> နောက်ဆက်တွဲ ဆိုးကျိုးများ
ရိုးရိုးကျောက်ကပ်ရေအိတ် တည်ရာကနေ တစ်ခါတလေမှာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်နိုင်ပါတယ်။
● ရေအိတ် ပိုးဝင်ခြင်း
ကျောက်ကပ်ရေအိတ်မှာ ပိုးဝင်ပြီးတော့ ကိုယ်ပူခြင်း၊ နာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
● ရေအိတ် ကွဲထွက်သွားခြင်း
ပေါက်ထွက်သွားတဲ့အခါမှာ နောက်ကျောနဲ့ ဘေးဘက်တွေမှာ ပြင်းထန်စွာ နာကျင်မှုကို ခံစားရတတ်ပါတယ်။
● ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း
ရေအိတ်က ဆီး ပုံမှန်မသွားနိုင်အောင် ပိတ်လိုက်တဲ့အခါမှာ ကျောက်ကပ် ရောင်လာစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














