/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်မှာ-တီဘီရောဂါ-ဖြစ်နိုင်သလား

ကျောက်ကပ်မှာ တီဘီရောဂါ ဖြစ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျောက်ကပ်လိုနေရာမျိုးမှာ တီဘီရောဂါဖြစ်တာ ကြားဖူးကြပါသလား။

          ဒါဟာ အမှန်တကယ်ပါပဲ။ ရှားပါးပေမယ့် ဖြစ်တတ်တဲ့ တီဘီရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကို ကိုယ်တွေ့ကြုံခဲ့ရသူ မိခင်တစ်ယောက်ရဲ့ အတွေ့အကြုံကို မျှေ၀ပေးလိုက်ပါတယ်။

          ကလေးနှစ်ယောက်မိခင် နာတာလီဟာ ကျောက်ကပ်တီဘီရောဂါကို ခံစားခဲ့ရတဲ့ အတွေ့အကြုံလေးကို ဗဟုသုတ လင်းပြလိုက်ပါတယ်။ ကိုယ်၀န်ဆောင်နေတုန်း ခါး အမြဲနာနေတတ်တဲ့ နာတာလီ ဆေးရုံပြသခဲ့ပေမယ့် အူအတက်ရောင်တယ်လို့ဘဲ ယူဆပြီး ကုသမှုပေးပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ မွေးပြီးတော့လည်း ဆီးပူဆီးကျဉ်တာတွေ မကြာခဏ ဖြစ်နေတာကြောင့် ဆရာဝန်ပြ ဆေးထိုးဆေးသောက် လုပ်ရပါတယ်။

          ကိုယ်ဝန်ထပ်ဆောင်ပြန်တော့လည်း ဒီလိုဘဲ ခါး မကြာခဏ နာနေတတ်ပြန်ပါတယ်။ နောက်ဆုံးမှာ ဆရာ၀န်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ တီဘီစစ်ဆေးမှုခံယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကံကောင်းတာလား၊ မကောင်းတာလား မဆိုချင်။ အဖြေကတော့ ကျောက်ကပ်တီဘီရောဂါပါတဲ့။ သူမရဲ့ကျောက်ကပ်နှစ်ဖက်လုံးမှာ တီဘီရောဂါ ဖြစ်နေပါပြီ။ ဆရာဝန်တွေကတော့ လုံးဝကုသပျောက်ကင်းနိုင်ကြောင်း အာမခံကြပေမယ့် ခပ်ကြောက်ကြောက် အနေအထားနဲ့ဘဲ ဆက်ဖြတ်သန်းခဲ့ရပြန်ပါတယ်။ တီဘီဆေး အပြည့်အဝ လပတ်လည်အောင် သောက်သုံးရပါတယ်။

          ဆေးရဲ့ဆိုးကျိုးတွေအနေနဲ့ ရင်ပူတယ်။ အကွက်တွေ ထွက်တယ်။ ကိုယ်ကနေ အနံ့တွေထွက်တယ်။ မသောက်ချင်တော့ဘူး ရပ်တော့မယ်လို့ ဆုံးဖြတ်ပေမယ့် ဆရာဝန်တွေက ဒီရောဂါကို ဒီဆေးနဲ့ မကုသရင် လုံးဝမပျောက်ကင်းနိုင်ကြောင်း အသိပေးရှင်းပြခဲ့ကြလို့ ဆက်သောက်ဖြစ်ခဲ့ပါတယ်။

          အခုတော့ ဆေးပတ်လည်လည်းပြည့်လို့ နေကောင်း ကျန်းမာဝဖြိုးလာခဲ့သလို ခါးနာလည်း လုံးဝပျောက်ခဲ့ပါပြီ။ တီဘီရောဂါဆိုတာ ဘယ်သူမဆို ခန္ဓာကိုယ်က မထင်မှတ်တဲ့အင်္ဂါတွေမှာ ဖြစ်တတ်ကြောင်း သက်သေပါပဲ။ အခုတော့ နာတာလီက တီဘီရောဂါပညာပေးတွေ ပျော်ပျော်ကြီး တက်တက်ကြွကြွ လုပ်နေလေရဲ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)