ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမျှင်ဓာတ်အကြောင်းသိကောင်းစရာများ
ကျန်းမာရေးအတွက် အမျှင်ဓာတ်များများစားသုံးဖို့ တိုက်တွန်းချက်တွေကို သင်သတိပြုမိပြီး သားဖြစ်မှာပါ။ ဒါကြောင့် အမျှင်ဓာတ်ဟာကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုစေနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
အမျှင်ဓာတ်ပေါကြွယ်၀စွာပါ၀င်တဲ့ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်၊ ဖွဲနုမချွတ်ရသေးသော ဆီရီယာယ်များ၊ ပဲတောင့်ရှည်များဟာ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန် ညီညွတ်မျှတစေရန် ထိန်းပေးနိုင်ကာ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။
အမျှင်ဓာတ်ဆိုတာဘာလဲ
အမျှင်ဓာတ်ဆိုတာမိမိစားသုံးလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်များကို ခန္ဓာကိုယ်မှချေဖျက်၊ စုပ်ယူနိုင်စေရန် ကူညီလုပ်ဆောင်ပေးသော အပင်ထွက်ပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်များဟာ ကိုယ်တိုင်အစာချေဖျက်ခြင်းလုပ်ဆောင်ပေးတာမဟုတ်ပါ။ ၎င်းဟာအစာချေဖျက်မှုလွယ်ကူစေရန် များစွာထောက်ပံ့ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ စွန်ပစ်ပစ္စည်းတွေ စွန့်ထုတ်ရာမှာချောမွေ့စေရန် ကူညီပေးနိုင်ပါတယ်။
ရေမှာပျော်၀င်နိုင်သော အမျှင်ဓာတ်နဲ့ ရေမှာမပျော်၀င်နိုင်သော အမျှင်ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။
(1) ရေမှာပျော်၀င်နိုင်သောအမျှင်
သွေးတွင်းအဆီနဲ့ အချိုဓာတ်ကျစေရန် ကူညီပေးနိုင်စွမ်းရှိပါတယ်။ အုတ်ဂျုံ၊ ပဲစေ့၊ ပဲသီးတောင့်၊ ပန်းသီး၊ ချဉ်သောသစ်သီး၊ မုန်လာဥဝါ၊ မုယောစပါး၊ ဆီလီယမ်အစေ့မှရသော ၀မ်းပျော့ဆေးအပျော့စား စတာတွေစားသုံးခြင်းဖြင့် ရေမှာပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်ကိုရရှိစေနိုင်ပါတယ်။
(2) ရေမှာမပျော်၀င်နိုင်သောအမျှင်
အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ၀မ်းချုပ်ခြင်း၊ ၀မ်းပုံမှန်သွားရန် အခက်အခဲရှိနေသူတွေ အတွက် များစွာအကျိူးပြုပေးနိုင်ပါတယ်။ ဂျုံကြမ်း၊ ဖွဲနု၊ အခွံမာသီး၊ ပဲတောင့်၊ ဟင်းသီးဟင်းရွက်(ပန်းဂေါ်ဖီ၊ အစိမ်းရောင်ပဲသီးတောင့်များ၊ အာလူး)စတဲ့ အစားအစာတွေဟာရေမှာ မပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်များရရှိနိုင်သော အရင်းအမြစ်များဖြစ်ပါတယ်။
အမျှင်ဓာတ်ကြွယ်၀ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
1. ၀မ်းမှန်စေခြင်း
၀မ်းပျော့စေပြီး ၀မ်းချုပ်ခြင်းမှ ကင်းေ၀းစေပါတယ်။ ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
2. အူလမ်းကြောင်းဆိုင်ရာရောဂါများမှ ကင်းေ၀းစေခြင်း
လိပ်ခေါင်းရောဂါ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ အူမကြီးကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
3. ကိုလက်စထရောကျစေခြင်း
ရေမှာပျော်၀င်သောအမျှင်ဓာတ်ပါသော အစားအစာများဖြစ်တဲ့ ပဲတောင့်၊ အုတ်ဂျုံ၊ နှမ်းကြတ်စေ့၊ ဖွဲနုတို့အား စားသုံးခြင်းဖြင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကျစေနိုင်ပြီး သွေးဖိအားလျော့ကျစေ ကာ ရောင်ရမ်းခြင်းဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
4. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ရေမှာပျော်၀င်သောအမျှင်ဓာတ်ဟာ သကြားဓာတ်စုပ်ယူမှုလျော့နည်းစေပြီး သွေးတွင်းသကြားဓာတ်ကို ညီမျှအောင် ထိန်းပေးနိုင်တာကြောင့် ဆီးချိုရောဂါရှိသူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ရေမှာ မပျော်၀င်သော အမျှင်ဓာတ်ကလည်း အမျိုးအစား (2) ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
5. ကိုယ်အလေးချိန်ထိန်းပေးနိုင်ခြင်း
အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေဟာ ကြာကြာဗိုက်ပြည့်စေပြီး လိုအပ်တာထက်ပိုပြီး စားလိုစိတ်ကိုလည်းလျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ ကိုယ်အလေးချိန်ကို ရရှိပိုင်ဆိုင်နိုင်စေပါတယ်။
CMS (Dr Myanmar)
















