/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါးနာခြင်းကို-ဘယ်လိုကုသကြမလဲ

ခါးနာခြင်းကို ဘယ်လိုကုသကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခါးနာတာကို ကုသရာမှာဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ များသောအားဖြင့်တော့ လေ့ကျင့်ခန်းကုထုံးနဲ့ ဆေးဝါးကုသမှု ပေါင်းစပ်ကုသရပါတယ်။ ဘယ်လိုကုကုမပျောက်တဲ့အခါမျိုး၊ အာရုံကြောကို ထိခိုက်တဲ့အခါမျိုးမှာတော့ ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။

>>  လေ့ကျင့်ခန်းကုထုံး
အပူအအေးကုထုံးဟာ နာကျင်ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် ကျောကို ထိခိုက်ဒဏ်ရာရသူတွေမှာပေါ့။ တကယ်အကျိုး ရှိ၊ မရှိဆိုတာတော့ သက်သေသကာရ မရှိသေးပါဘူး။ ဒါပေမဲ့ အတော်များများကတော့ သက်သာတယ်လို့ဆိုကြပြီး ဘာနောက်ဆက်တွဲဆိုးကျိုးမှလည်း မရှိပါဘူး။
ဒါ့အပြင် ခါးနာနေသူတွေဟာ အလေးတွေ အပြင်းအထန်မတာကလွဲလို့ တခြားပုံမှန်အလုပ်တွေကို လုပ်ပေးသင့်ပါတယ်။ ဖြစ်ခါစ ခဏတစ်ဖြုတ်လောက်ကလွဲရင် အိပ်ရာထဲ အကြာကြီးမနေသင့်ပါဘူး။ မလှုပ်ရှားဘဲ အကြာကြီးနေခြင်းဟာ နာကျင်မှုကို ပိုဆိုးစေပြီး စိတ်ဓာတ်ကျခြင်းနဲ့ သွေးခဲပိတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဒီအစား လေ့ကျင့်ခန်းကုထုံးတွေဖြစ်တဲ့ အကြောလျှော့ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြစ်တဲ့နေရာကို ပိုမိုကောင်းမွန်စွာ အနာကျက်စေနိုင်ပါတယ်။ နာတာရှည်ခါးနာတာတွေအတွက်လည်း ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးနိုင်ပြီး အထူးသဖြင့် ကျောဆစ်ရိုး မညီညာလို့ ခါးနာရသူတွေမှာ ပိုလိုအပ်ပါတယ်။

>>  ဆေးများ
ခါးနာတာအတွက် သုံးနိုင်တဲ့ဆေးတွေ အများကြီးရှိပါတယ်။
●  ရိုးရိုးအကိုက်အခဲပျောက်ဆေး : အစီတမိုင်နိုဖန် ဆိုတဲ့ပါရာစီတမော၊ အက်စ်ပရင်
●  ဘိန်းအနွယ်အကိုက်အခဲပျောက်ဆေး : ကိုဒင်း၊ အောက်စီကိုဒုန်း၊ ဟိုင်ဒရိုကိုဒုန်း၊ မော်ဖင်း
●  စတီးရွိုက်မပါတဲ့အကိုက်အခဲပျောက်ဆေး : အိုင်ဗြူပရိုဖန်၊ ကီတိုပရိုဖန်၊ နက်ပရောက်ဆန်
●  အတက်ကျဆေး
●  စိတ်ကျရောဂါပျောက်ဆေး : အေမီထရစ်တလင်း
●  စီရိုတိုနင်စိတ်ကျရောဂါပျောက်ဆေးများ

ဒီဆေးတွေမှာ သူတို့ရဲ့ သီးသန့်ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ လူပေါ် မူတည်ပြီးတော့ပဲ ဆေးပေးရမှာပါ။ ထည့်စဉ်းစားရမှာတွေက -
●  နာရတဲ့အကြောင်းရင်း
●  ကုသမှုရဲ့ကြာချိန်
●  ကိုယ်ဝန်ဆောင်ချိန် လုံခြုံစိတ်ချရမှု ရှိ၊ မရှိ
●  နောက်ဆက်တွဲများ
●  ဆေးရနိုင်ခြေ
●  ဆေးစရိတ် စတာတွေပါပဲ။

>>  တခြားဆေးဝါးဆိုင်ရာမဟုတ်သောကုထုံးများ
ခါးနာတာကို ကုသဖို့အတွက် တခြားဆေးဝါးမပါဘဲ ကုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။
●  ကျောရိုးဆစ်လှုပ်ရှားမှုနဲ့ ပြန်လည်ပြုပြင်ရေး : ကျောရိုးနဲ့ခါးဆစ်ဘေးတစ်ရှူးတွေရဲ့ ပုံစံကျမှုနဲ့ သန်မာမှုတွေ ပိုမိုကောင်းလာစေဖို့ ကျောရိုးကို လှုပ်ရှားပေးခြင်း၊ ပြုပြင်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ လှုံ့ဆော်ပေးခြင်း
●  အလေးဆွဲခြင်း : အလေးတုံးတွေ၊ ပူလီတုံးတွေနဲ့ ကျောရိုးကို ပြန်လည်နေရာချထားပေးခြင်းက ကျောရိုးမကြီးနဲ့ နာဗ့်ကြောတွေပေါ် သက်ရောက်မှုကို လျော့နည်းစေနိုင်ပါတယ်။
●  အပ်စိုက်ကုခြင်း : ခန္ဓာကိုယ်ရဲ့ဖိအားနေရာတွေကို အပ်ကလေးတွေစိုက်ကုနည်းပါ။ ဘယ်လိုအလုပ်ဖြစ်တယ်ဆိုတာ သေချာမသိပေမယ့် တချို့လူနာတွေမှာ သက်သာတာတော့ အမှန်ပါပဲ။
●  ကိုယ်ခန္ဓာကို ပြန်လည်တုန့်ပြန်ခြင်း : ခန္ဓာကိုယ်အရေပြားမှာ လျှပ်လုံးတွေတပ်ပြီး အသက်ရှူတာ၊ နှလုံးခုန်တာ၊ အပူချိန်နဲ့ ကြွက်သားတင်းအားတွေကို လျှပ်စစ်ဓာတ်နဲ့ပြန်ကြည့်တာပါ။
●  အာရုံကြောပိတ်ခြင်း : တချို့နေရာတွေက အာရုံကြောသွားလာခြင်းကို ထုံဆေး၊ ဘိုကျူလစ်နင်အဆိပ်၊ စတီးရွိုက်ထိုးဆေးတွေနဲ့ ပိတ်ဆို့ဖြတ်တောက်နိုင်ပါတယ်။
●  အဆီပြင် ပိုဖြတ်သန်း၍ အာရုံကြောလှုံ့ဆော်ခြင်း : ဖြစ်တဲ့နေရာပေါ်မှာ လျှပ်ကူးလုံးတွေတပ်ပြီး အာရုံကြောကနေလာတဲ့ နာကျင်ခြင်းအချက်ပြချက်ကို ဖြတ်တောက်တာပါ။

>>  ခွဲစိတ်ခြင်း
တခြားနည်းလမ်းတွေနဲ့ နာကျင်တာ မသက်သာတော့မှသာ နောက်ဆုံးလက်နက်အနေနဲ့ ခွဲစိတ်နည်းကို သုံးလေ့ရှိပါတယ်။ အာရုံကြောကိုဖိမိပြီး နာတာ ကျင်တာ ပိုဆိုးလာနိုင်လို့ပါ။
ကြွက်သားနာကျင်မှုတွေ၊ အာရုံကြောဖိမိတဲ့ နာကျင်မှုတွေမှာ ခွဲစိတ်ကုသလေ့ရှိပါတယ်။ ခွဲစိတ်နည်းတွေအနေနဲ့ -
●  ကျောဆစ်ရိုးဖြည့်ခြင်း
●  ကျောဆစ်ရိုးနောက်ဘက်ဖောက်ခြင်း
●  ကျောဆစ်ရိုးကြားခံပြားခွဲထုတ်ခြင်း
●  ကျောဆစ်ရိုးကြားခံပြား တစ်စိတ်တစ်ပိုင်းခွဲထုတ်ခြင်း
●  ကျောဆစ်ရိုးနာဗ့်သွားလမ်းကြောင်းချဲ့ခြင်း
●  Radiofrequency ဖြင့် အာရုံကြောများဖြတ်တောက်ခြင်း
●  ကျောဆစ်ရိုးဆက်ခြင်း
●  ကျောဆစ်ရိုးကြားခံပြားအတုထည့်ခြင်း စတာတွေပါပဲ။
ခွဲစိတ်ကုသနည်းကို သုံး မသုံး၊ သုံးရင်လည်း ဘယ်နည်းနဲ့ခွဲမယ်ဆိုတာကတော့ ခါးနာတာ တစ်ခုနဲ့တစ်ခု မတူပါဘူး။ တစ်ခုချင်းဆီမှာလည်း ကိုယ်ပိုင်ကောင်းကျိုးဆိုးကျိုးတွေ ရှိပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)