ခါးနာခြင်း - ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ?
လူတိုင်းရဲ့ဘဝမှာ ခါးနာတယ်ဆိုတာကို ခံစားဖူးကြသူချည်းပါပဲ။ များသောအားဖြင့် ကိုယ်ခန္ဓာ အသုံးပြုမှု များသွားတဲ့အချိန်မျိုးမှာ ဖြစ်တတ်ပြီး အရမ်းကြီးစိုးရိမ်စရာမလိုတတ်ပါဘူး။ ဒါပေမဲ့ တချို့ခါးနာခြင်းတွေကတော့ သေချာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ရေခဲကပ်၊ ဆေးလိမ်း၊ အနားယူ စတဲ့နည်းတွေနဲ့ ခါးနာတာ ၇၂ နာရီကျော်တဲ့အထိ မသက်သာခဲ့ရင် ခါးနာရတဲ့အကြောင်းရင်းကိုရှာဖို့ လိုအပ်ပါတယ်။
Jointace 1
တခြားစိုးရိမ်သင့်တဲ့ ခါးနာခြင်းလက္ခဏာတွေကတော့ -
>> စူးပြီးခါးနာခြင်း
ခါးနာတာဟာ လူငယ်တွေမှာ မကြာမကြာ ဖြစ်တတ်တယ်ဆိုပေမယ့် ရုတ်တရက်ကြီး စူးပြီးနာလာတာဆိုရင် သတိထားရပါမယ်။ ဒါဟာ ကြွက်သား ဒါမှမဟုတ် အရွတ်ပြဲတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ခါးနောက်မှာ ဒါမှမဟုတ် ခါးဘေးမှာရှိတဲ့ အတွင်းအင်္ဂါတစ်ခုခုဖြစ်တာကြောင့် နာတာလည်း ဖြစ်နိုင်ပါတယ်။
>> တခြားနေရာကိုပါ ပြန့်ပြီးနာခြင်း
ပုံမှန်ခါးနာတာဟာ ခါးတစ်နေရာထဲမှာပဲ စုပြီးနာနေတတ်တာ များပါတယ်။ ဒီလိုမဟုတ်ဘဲ ခါးဘေးနားတစ်ဝိုက်ကိုပါ ပြန့်ပြီးနာလာပြီဆိုရင် စိုးရိမ်ရပါတယ်။ အထူးသဖြင့် ခါးကနေ ခြေထောက်တစ်လျှောက်နဲ့ တင်ပါးအနောက်ပိုင်းတွေအထိပါ ပြန့်ပြီးနာလာပြီဆိုရင် အာရုံကြောညပ်တာ ဖြစ်နိုင်တာမို့ ချက်ချင်းကုသဖို့ လိုအပ်ပါတယ်။
>> ခြေထောက်အားနည်းလာခြင်း
ခါးနာပြီးနောက်မှာ ခြေထောက်တွေ ရုတ်တရက် အားနည်းလာတယ်ဆိုရင် စိုးရိမ်စရာပါ။ ခြေထောက်ကိုသွားတဲ့ အာရုံကြောမ ညပ်တာတို့၊ ခါးဆစ်ရိုးကျဉ်းတာတို့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရုတ်တရက် ချက်ချင်းကြီး အားနည်းသွားတာမျိုးဆိုရင် အာရုံကြောပျက်စီးသွားတာ ဖြစ်နိုင်တာကြောင့် အကြီးမားဆုံးသော အချက်ပြလက္ခဏာဖြစ်ပြီး ဆရာဝန်နဲ့ချက်ချင်းပြဖို့ လိုအပ်ပါတယ်။
Jointace 2
>> ဆီးဝမ်းမထိန်းနိုင်ခြင်း
ဆီးဝမ်းမထိန်းနိုင်ရင်လည်း အာရုံကြော ဆိုးဆိုးရွားရွားပျက်စီးတာ ဒါမှမဟုတ် ပိုးဝင်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်ပါ။
>> နာတာရှည်ခါးနာခြင်းကြောင့် လုပ်ငန်းဆောင်တာများ ခက်ခဲခြင်း
အထူးသဖြင့် လူကြီးတွေမှာ နာတာရှည်ခါးနာနေတာကြောင့် နေ့စဉ် တစ်ကိုယ်ရည်တစ်ကာယအလုပ်တွေတောင် အခက်တွေ့နေရပြီဆိုရင် ရေရှည်ကုထုံးအစီအစဉ်တွေဆွဲဖို့ လိုလာပါပြီ။
>> ထုံကျဉ်ခြင်း၊ ပင်အပ်နဲ့ထိုးသလိုနာခြင်း
ပေါင်ခြံနဲ့ တင်ပါးတစ်ဝိုက်တွေမှာ ထုံကျဉ်တာ၊ ပင်အပ်နဲ့ထိုးသလို နာတာမျိုးဟာ အာရုံကြောပြဿနာ သို့မဟုတ် ခါးဆစ်ရိုးပြဿနာ ဖြစ်နိုင်ပါတယ်။ ခါးနာပြီး ဒီလက္ခဏာတွေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















