/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါးနာတဲ့သူတွေအတွက်-အလုပ်မှာ-ဘယ်လိုနေထိုင်ကြမလဲ

ခါးနာတဲ့သူတွေအတွက် အလုပ်မှာ ဘယ်လိုနေထိုင်ကြမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခါးနာတဲ့ဝေဒနာကို ခံစားပြီးတဲ့နောက်မှာ နောက်တစ်ခါ ပြန်နာမယ့်အချိန်တွေကို ကြောက်ရွံ့သလို အလုပ်သွားရရင် ဘယ်လိုဖြစ်မလဲဆိုတာကို စိုးရိမ်စိတ်တွေ ရှိကြစမြဲပါ။ ဒီလို စိုးရိမ်ကြောက်ရွံ့မှုတွေကြောင့် လှုပ်ရှားမှုတွေကို အကန့်အသတ် ဖြစ်စေပါတယ်။

          ခါးနာတယ်ဆိုတာက ယာယီနဲ့ နာတာရှည်ဆိုပြီး ၂ မျိုး ရှိပါတယ်။ ခါးနာတာ ၃ လအောက် နည်းရင်တော့ ဒါကို ယာယီလို့ခေါ်ပြီး ၃လထက် ပိုကြာရင်တော့ နာတာရှည်လို့ သတ်မှတ်ပါတယ်။ ခါးကို ကာကွယ်သလိုပဲ တက်တက်ကြွကြွနေခြင်းက နာတာကို နာတာရှည် မဖြစ်သွားအောင် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

          ကိုယ့်ရဲ့အလုပ်က အထိုင်များတာ၊ မတ်တပ်ရပ်ရတာ များတယ်၊ အလေးတွေ မ,ရတယ်ဆိုရင် အလုပ်လုပ်တဲ့ပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။ ဒီလိုဆိုပေမယ့် နားမနေဘဲနဲ့ လှုပ်ရှားမှုတွေ လုပ်တာ၊ အလုပ်ပြန်လုပ်တာက ပိုကောင်းဖို့အတွက် အထောက်အကူတွေ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားမှုတွေက နောက်ကျောကို ပျော့ပြောင်းစေပြီးတော့ ကြွက်သားတွေကို သန်မာစေပါတယ်။ တစ်ရက်၊ နှစ်ရက်ထက် ပိုပြီးတော့ အိပ်ရာထဲမှာပဲ လှဲနေမယ်၊ အငြိမ်နေမယ်ဆိုရင် နာတာကို ပိုဆိုးစေပါတယ်။ ဒီတော့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက ခါးနာတဲ့သူတွေအတွက် ပိုကောင်းပါတယ်။

          ဆရာဝန် ချိန်းတဲ့အတိုင်း သွားပြပြီးတော့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ တစ်ခုခု ပြဿနာကြုံရင်လည်း ဆရာဝန်နဲ့ ဆက်သွယ်ပါ။ ကိုယ့်ရဲ့ ဆေးစစ်ချက်အဖြေတွေကို သိထားပြီးတော့ သောက်ရတဲ့ဆေးတွေကို သေချာမှတ်ထားပါ။

 

>>    ခါးနာဝေဒနာတွေကို အိမ်မှာ ဘယ်လိုပြုစုစောင့်ရှောက်မလဲ?

♦        ခါးနာတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို အမြဲသတိပြုမိနေရပါမယ်။ ခါးနာတာ အတော်များများက ကိုယ်နေဟန်ထား မမှန်လို့ ဖြစ်ရတာပါ။

          ●        ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါတွေမှာ မတ်မတ်နေပါ။ ကိုယ့်ရဲ့နားရွက်တွေနဲ့ ပုခုံးတွေက တင်ပါးနဲ့ တစ်ညီတည်း ဖြစ်နေရပါမယ်။

          ●        ခါးနာလာတယ်လို့ ခံစားရပြီဆိုရင် ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို ပြန်ပြီးစစ်ကြည့်ပါ။ မိမိထိုင်တဲ့ပုံစံ၊ မတ်တပ်ရပ်တဲ့ပုံစံတွေကို အနေအထားမှန်အောင် ဂရုစိုက်ပြီး ပြုပြင်ပေးမယ်ဆိုရင် ခါးနာတာကို သက်သာစေနိုင်ပါတယ်။

 

♦        နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာက ခါးနာတာကို ပျောက်ကင်းစေရုံသာမကဘဲ နောက်တစ်ကြိမ် ခါးပြန်မနာအောင်လည်း ထိန်းထားနိုင်ပါတယ်။

          ●        နေ့တိုင်း အကြောဆန့်ပြီးတော့ အစာအိမ်၊ နောက်ကျောနဲ့ ခြေထောက်တွေ သန်မာစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ပါ။

          ●        လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးနင်းခြင်းစတဲ့ နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေကို နေ့စဉ်လုပ်ပေးသင့်ပါတယ်။

 

♦        ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက သွေးစီးဆင်းမှုကို လျော့နည်းစေပြီးတော့ အနာကျက်တာကိုလည်း နှေးကွေးစေပါတယ်။ ဆေးလိပ်ဖြတ်ဖို့အတွက် အကူအညီလိုတယ်ဆိုရင် ဆေးလိပ်ဖြတ်တဲ့ စီမံချက်တွေနဲ့ ဆေးတွေ အကြောင်းဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ ဒါက ဆေးလိပ်ပြတ်နိုင်ဖို့ အခွင့်အရေးတွေကို ပိုများစေပါတယ်။

 

♦        ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးကို သေချာသောက်ပါ။

          ●        အလုပ်မှာလည်း အပြောင်းအလဲတွေ လုပ်ပေးပါ။

          ●        အလုပ်မှာ အပြောင်းအလဲလုပ်ဖို့ဆိုရင် ကိုယ့်ရဲ့ကြီးကြပ်သူ (သို့) ဝန်ထမ်းရေးရာနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

 

♦        ခါးနာပြီး နားနေရတဲ့သူတွေအတွက် အလုပ်မှာ ဘယ်လိုနေထိုင်မယ်ဆိုတဲ့ အစီအစဉ်တွေ ဆွဲထားသင့်ပါတယ်။ ကိုယ်လုပ်နိုင်တာနဲ့ မလုပ်နိုင်တာတွေကို ရိုးရိုးသားသားပြောပါ။ လိုအပ်ရင် အလုပ်ချိန် အနည်းငယ် လျှော့တာ၊ အလုပ်တာဝန် လျှော့ဖို့အတွက် ဆရာဝန်ဆီက ဆေးထောက်ခံစာ တောင်းပါ။

 

♦        ကိုယ်လုပ်ရတဲ့ အချို့အလုပ်တွေက ခါးအပေါ်မှာ ဖိအားဖြစ်စေတယ်ဆိုရင် ဒီအလုပ်ကို တခြားနည်းနဲ့ လုပ်လို့ ရ၊ မရဆိုတာနဲ့ တခြားသူတွေကို လွှဲပေးလို့ ရ၊ မရဆိုတာကို တိုင်ပင်ဆွေးနွေးပါ။

 

♦        အလုပ်က အထိုင်များတယ်ဆိုရင် ပိုကောင်းတဲ့ကုလားထိုင်နဲ့ လုပ်ပါ။ လိုသလို ညှိလို့ရတဲ့ ကုလားထိုင်တွေနဲ့ ခါးအထောက်အကူပါတဲ့ ကုလားထိုင်တွေက ခါးနာတဲ့သူတွေအတွက် ကောင်းပါတယ်။

 

♦        အလုပ်လုပ်တဲ့အခါမှာ အနားမယူဘဲ အချိန်အကြာကြီး ဆက်တိုက်လုပ်တာက ခါးနာတာကို ပိုဖြစ်စေတဲ့အတွက် ပုံမှန်အနားယူချိန်ထားပြီးတော့ အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။  မိနစ် ၂၀-၄၀ ခြားတစ်ခါ ၃-၅ မိနစ်လောက် ခဏနားတာ (သို့) အလုပ်ပြောင်းလုပ်တာမျိုး လုပ်ပါ။

 

♦        အလုပ်က အရမ်းအထိုင်များတယ်ဆိုရင် -

          ●        ခေါင်းအုံး သေးသေးလေးတစ်လုံး၊ လိပ်ထားတဲ့တဘက် (သို့) ခါးအခုကို ခါးနောက်အကွေးမှာ ထောက်ခံထားပေးပါ။

          ●        ကုလားထိုင်ပေါ် ထိုင်တဲ့အခါမှာ ခြေဖဝါးတွေကို ကြမ်းပြင်ပေါ်မှာ ပြားပြားချထားနိုင်ပါစေ။ ကုလားထိုင်ကို အရမ်းမမြင့်ပါစေနဲ့။ ထိုင်တဲ့အခါမှာ ဒူးခေါင်းက တင်ပါးအောက် အနည်းငယ် နိမ့်သင့်ပါတယ်။

 

♦        အလုပ်က အလေး မ,ရတာ များတယ်ဆိုရင် -

          ●        မိမိ မ,ရမယ့်ပစ္စည်းကို ကိုယ်နဲ့ နီးနီးထားပါ။

          ●        ပြီးရင် ဒူးကိုကွေး ကျောကိုဆန့်ဆန့်ထားပြီးမှ ပစ္စည်းကို ဆုပ်ကိုင်ပြီး ဒူးခေါင်းကို ပြန်ဆန့်ပြီး မ,တင်ပါ။ မ,လိမ်သွားပါစေနဲ့။

          ●        ပစ္စည်းပြန်ချတဲ့အခါမှာလည်း ဒူးခေါင်းနဲ့ တင်ပါးသုံးပြီး ဆောင့်ကြောင့်ထိုင်ပြီး ပြန်ချပါ။

 

♦        ဒါ့အပြင် ပစ္စည်းမ,တဲ့အခါမှာ နောက်ထပ် သတိထားရမှာတွေက -

          ●        တစ်ယောက်တည်းမ,ဖို့ အရမ်းလေးတဲ့အရာတွေ၊ လမ်းလျှောက်ရင် မြင်ကွင်းကို ကွယ်နေတဲ့အရာတွေကို တစ်ယောက်တည်း မ,မပါနဲ့။

          ●        ခါးကို ကာကွယ်ဖို့အတွက် ခါးနာရင် ပတ်တဲ့ခါးပတ်တွေကိုပဲ အရမ်းမယုံကြည်ပါနဲ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)