ခေါင်းကိုက်တာ ဘာလို့လဲ တွေးနေကြသူတွေ ဖတ်ဖို့ ...
ပထမဆုံးအနေနဲ့ ကိုယ်ရဲ့ခေါင်းကိုက်ရောဂါက ဘယ်လိုအမျိုးအစားထဲ ဝင်နေပြီလဲ?
ဆေးပညာအရ ဝေဖန်ပိုင်းခြား ကြည့်ကြရအောင်။
● စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ရောဂါဟာ တစ်ခေါင်းလုံး နေရာအနှံကိုက်ပြီး ခေါင်းပါ လေးပင်နေတာ ဖြစ်ပါတယ်။ လည်ပင်း၊ ဂုတ်ကြော၊ ပခုံးသားတွေပါ တင်းကြပ်ပြီး နာနေတတ်ပါတယ်။
စိတ်ဖိစီးလေ ပိုဆိုးလေဖြစ်ပြီး ပါရာစီတမောလောက် သောက်သုံးရုံနဲ့ သက်သာသွားတတ်ပါတယ်။ နာတာရှည်ဖြစ်လာမယ်ဆိုရင်ဖြင့် အောက်က ရောဂါတစ်ခုခု ပါနေမလား ပြသစစ်ဆေးဖို့ လိုလာပါပြီ။
● မျက်နှာတစ်ခြမ်း၊ မျက်လုံးအိမ်တစ်ဖက်တည်းတွေပါ ထိုးကိုက်တတ်တာက တစ်ခါကိုက်ရင် နာရီဝက်လောက်ထိ ကြာနိုင်ပါတယ်။ ပိုဆိုးတာက ခေါင်းကိုက်တာက အလွန်ပြင်းထန်ပြီး တစ်ခုခုနဲ့ မီးမြှိုက်နေသလို ခံစားနေရတာ ဖြစ်ပါတယ်။ နွေဦးနဲ့ဆောင်းဦးမှာ ပိုကိုက်တတ်ပြီး နာတာရှည်လည်း ဖြစ်တတ်ပါသေးတယ်။ အကြောင်းရင်းကို မသိရပေမယ့် သိပ်ဆိုးရင် ဆရာဝန်နဲ့ပြသပြီး ခေါင်းကိုက် မထအောင် ရေရှည်ဆေးသောက်ပြီး ကာကွယ်ထားနိုင်ပါတယ်။
● ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကတော့ အထဲကနေ တစ်ခုခုနဲ့ ထိုးနေသလို ပြင်းပြင်းထန်ထန် ကိုက်တာပါ။ အန်တာ၊ လဲကျတာတွေထိ အခြေအနေဆိုးနိုင်ပြီး ခေါင်းကိုက်လွန်းတဲ့အခါ မျက်လုံးထဲမှာ ကြယ်တွေ၊ လတွေမြင်ပြီး မမြင်ရတဲ့အထိ ဆိုးတတ်ပါတယ်။ တကယ်လို့ ခေါင်းတစ်ခြမ်းကိုက်နာနဲ့အတူ မျက်နှာတစ်ခြမ်းပါ ထုံတာ၊ ကျင်တာ၊ နာတာတွေပါ ပါလာခဲ့ရင် ဆေးအကူအညီယူဖို့ ချက်ချင်း လိုအပ်လာပြီ။ အိပ်ရေးပျက်တာ၊ ရာသီလာစဉ် အစားအစာနဲ့ ဓာတ်မတည့်တာတွေကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ရစေပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေးတစ်ခုခုသောက်ဖို့ လိုပါတယ်။ မကြာခဏ ပြန်ဖြစ်မှာမို့ ကာကွယ်ထားဖို့ ဆေးစွဲစားဖို့လည်း လိုချင်လိုတတ်ပါသေးတယ်။
● နှာစေး၊ ချောင်းဆိုးတာ၊ ဓာတ်မတည့်တာ၊ ယားယံတာတွေရှိတဲ့အခါ နဖူး၊ နားထင်နဲ့ မေးရိုးနေရာတွေမှာ ကိုက်လာသလို ခေါင်းတစ်ခြမ်းလည်း ကိုက်လာပါတယ်။ ထိပ်ကပ်နာ ဓာတ်မတည့်တာတွေကြောင့်ဖြစ်တဲ့ ခေါင်းကိုက်နာဆိုရင် ခေါင်းကိုက်ပျောက်ဆေးအပြင် ပဋိဇီဝဆေးတွေနဲ့ အရောင်ကျဆေးတွေပါ ထိုးဖို့၊ သောက်ဖို့ လိုတတ်ပါတယ်။
● ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ရောဂါကတော့ ရာသီလာစဉ် ရာသီလာပြီး သနေ္ဓတားဆေးတွေ သောက်နေစဉ်၊ ကိုယ်ဝန်ဆောင်ကာလတွေမှာ ကိုက်တတ်ပါတယ်။ သောက်ဆေးတွေထက် ပိုထိရောက်တာက အပ်စိုက်တာနဲ့ စိတ်ကိုပြေလျော့စေတဲ့ ယောဂကျင့်စဉ်တွေ ဖြစ်ပါတယ်။
● ကော်ဖီ၊ လက်ဖက်ရည်တွေ၊ အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကို ဖြတ်လိုက်တာနဲ့ သင့်ကို ခေါင်းကိုက်ရောဂါ ရစေပါသတဲ့။ လူတိုင်းတော့ မဖြစ်တတ်ပေမယ့် ကဖိန်းဓာတ် လိုအပ်သလောက် ရနေကျအတိုင်း မရတဲ့အခါ ခေါင်းကိုက်လာစေပါတယ်။ ကော်ဖီသောက်တာကို ဖြည်းဖြည်းချင်း လျှော့ပေါ့။
● ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ပြီးတဲ့အခါ ပင်ပန်းနွမ်းနယ်နေတဲ့အခါ အလေးမတာ၊ ပြေးတာတွေ လုပ်ပြီးတဲ့အခါ ခေါင်း တဆစ်ဆစ် ကိုက်လာတတ်ပါတယ်။ ဦးနှောက်ကို သွေးအရောက်များလို့ဖြစ်တာဖြစ်ပြီး မိနစ်အနည်းငယ်ကနေ နာရီပေါင်းများစွာအထိ ကြာတတ်ပါတယ်။ နာတာရှည်မဟုတ်လို့ စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခဏခဏဖြစ်ရင်တော့ ဆရာဝန်ပြကြပါနော်။
● သွေးတိုးလို့ ခေါင်းကိုက်တာ အလွန်တွေ့ရများပါတယ်။ ခေါင်းတဆစ်ဆစ်ကိုက်တဲ့အထိ တိုးလာပြီ ဆိုရင်တော့ သင့်ရဲ့သွေးပေါင်က မမျှော်မှန်းထားတဲ့အခြေအနေထိ အကြီးအကျယ် တက်နေတာကို ပြသပါတယ်။ မျက်လုံးဝါးတာ၊ နှာခေါင်းသွေးယိုတာ၊ ရင်ဘတ်အောင့်တာ၊ မောတာတွေပါ တွဲလာရင်တော့ အထူးသတိထားဖို့ လိုပါပြီ။ ဆရာဝန်ကို အမြန်ဆုံးပြသ စစ်ဆေးရပါမယ်နော်။
● ခေါင်းကိုက်လွန်းတဲ့အခါ မကြာခဏဖြစ်တဲ့အခါ ဆေးတွေသောက်နေကျလူအနေနဲ့ အနာသက်သာလာပြီး သိပ်မကြာခင် တဆစ်ဆစ်နဲ့ ပြန်ကိုက်လာတတ်ပါတယ်။ ဆေးသောက်နေကျလူတွေမှာ အများဆုံးဖြစ်ပါတယ်။ ဆေးမတိုးတော့ဘူး ဆေးယဉ်တယ်လို့ ပြောကြတာပေါ့။ အကိုက်အခဲပျောက်ဆေးတွေ ဖြည်းဖြည်းချင်းမျှင်းပြီး ဖြတ်ချသင့်ပါတယ်။ ခေါင်းမကိုက်အောင် ကာကွယ်နိုင်တဲ့ဆေးဝါးကို တစ်ရက်တစ်လုံး သောက်သုံးကြရင်လည်း အဆင်ပြေပါတယ်။
● ခေါင်း ထိခိုက်ဒဏ်ရာရရပြီးတဲ့အခါ ခြောက်လကနေ တစ်နှစ်အတွင်း ခေါင်း မကြာခဏ ကိုက်တတ်ပါတယ်။ နာတာရှည်ပါ။ အန္တရာယ်မရှိပေမယ့် ပြင်းထန်ကိုက်ခဲတဲ့အတွက် ဆေးတော့ လိုတတ်ပါတယ်။
ခေါင်းကိုက်တာအပြင် ဒါတွေပါ ရှိနေရင် ချက်ချင်း ဆေးရုံပြပါ။
● ဂုတ်ကြောတွေ တောင့်တင်း လှုပ်မရဖြစ်နေတာ
● အရေပြားမှာ အကွက်တွေ ပေါ်လာတာ
● အပြင်းအထန် အန်တာ
● သတိမကောင်းတော့တာ
● စကားတွေ မှားလာတာ
● အဖျားကြီးတာ
● မျက်စိ မှုန်ဝါးသွားတာတွေရှိရင် ဦးနှောက်အမြှေးရောင်ရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နေတတ်လို့ ဆရာဝန် ပြသ စစ်ဆေးကြပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















