/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချစ်ရသူနဲ့-ကွေကွင်းရတဲ့အခါ-ဘာဆက်လုပ်ရမလဲ-မသိတဲ့အချိန်တွေ-ရှိဖူးလား

ချစ်ရသူနဲ့ ကွေကွင်းရတဲ့အခါ ... ဘာဆက်လုပ်ရမလဲ မသိတဲ့အချိန်တွေ ရှိဖူးလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " ငါ ဘာလုပ်ရမလဲ ... စိတ်ဆင်းရဲလိုက်တာ ..."

          ခင်လေးတစ်ယောက် ဘဝမှာ ခေါင်းတွေထူ ရင်တွေပူပြီး ဘာဆက်လုပ်ရမှန်း မသိလောက်အောင် ခံစားနေရပါပြီ။ စာရွက်ကလေးတစ်ရွက်ယူပြီး တောင်ခြစ်မြောက်ခြစ် ခြစ်နေလိုက်ပါတယ်။

          အရင်အကြောင်းတွေ ခေါင်းထဲပြန်ရောက်လာတယ်။ ခေါင်းတွေ ပြန်ပူလာပြန်ပြီ။ ကောင်းကင်ပြာက သူမကို အားပေးနေတယ်။ အခက်ဆုံးက စစဉ်းစားတဲ့။ သူမ လက်မခံနိုင်ဖြစ်နေတဲ့အပိုင်းကို ချရေးလိုက်ပါတယ်။

 

>>    အဆိုးဆုံး ဘာဖြစ်မှာလဲ?

          ခင်လေး ... သိပ်ချစ်တယ်။ သူက ခင့်ဘဝ တစ်စိတ်တစ်ပိုင်းပဲ။ ဒါပေမဲ့ မောင်နဲ့ အတူမနေတော့ဘူးဆိုရင် ... အဲဒီအတွေးက သူမကို အခါများစွာ ခြောက်လှန့်ဖူးတယ်။

          " သူ မရှိရင် ..."

          တကယ်တော့ အဲလောက်လည်း မဆိုးသေးပါဘူး။ ခင် ဆက်တွေးတယ်။ မျက်ရည်တွေ ကျလာတယ်။ ဆက်စဉ်းစားတယ်။ သူမမှာ အလုပ်ရှိတယ်။ ချစ်တဲ့ညီအမတွေ ရှိတယ်။ မိခင်ကြီး ရှိတယ်။ သူငယ်ချင်းတွေက ပိုချစ်ကြမှာ။  အော် ... မောင် မရှိလည်း ဘဝက သာယာနေသားပဲ။ သူမ ရပ်လိုက်တယ်။ အစကို ပြန်ရောက်သွားတယ်။ ဒါပေမဲ့ အခုနကလို မျက်ရည်မကျတော့ဘူး။ ဆက်တွေးကြည့်တယ်။ သူမ အသက်ရှင်နေသေးတာပဲ။

          သန့်ခမျာ ... အလားတူအဖြစ်ကို ကြုံခဲ့ရတာ။ သူမဘဝက ဒီထက်ဆိုးခဲ့ပါတယ်။ အခုမြင်နေရတဲ့သန့်က လှပလန်းဆန်း စိုပြေနေတယ်။ ဒါဆို ဒါက ဘဝအဆုံးသတ် မဟုတ်တာ သေချာနေတာပဲ။

          စာကြည့်တိုက်ကို ခြေမလှမ်းဖြစ်တာ ကြာပြီ။ ရေဘက်ခါဝတၳုကို လက်လှမ်းလိုက်တယ်။ စာဖတ်ချင်စိတ်လည်း မရှိဘူး။

          တရားထိုင်လို့တော့ မရတာ သေချာတယ်။ ဘုရားရှိခိုးရမလား။  လပြည့်နေ့ပေမယ့် အိပ်ရာထဲ ခွေနေချင်တယ်။ ဒါပေမဲ့ အလုပ်မှာ ဆီမီးထွန်းကြမှာတဲ့။ မသွားချင်ဘူးလို့ တွေးနေပေမယ့် ခဏနေတော့ ခင်တစ်ယောက် နှုတ်ခမ်းပေါ်ကို နှုတ်ခမ်းနီလေးဖိဆိုးနေမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်ရ။ ချပ်ကပ်နေတဲ့ ဝမ်းဆက်လေးက ကိုယ်ပေါ်မှာ သေသေသပ်သပ်။ ဆီမီးထွန်းပွဲလေးက ပြန်လာတော့ ရင်ထဲမှာ ငြိမ်းချမ်းနေတယ်။ ခဏတာတော့ ပင်ပန်းတာတွေ လျော့ပါးသွားပါရဲ့။

          အိပ်ရာပေါ်ကို လှဲချလိုက်ပြီး မျက်လုံးလေးကို ပိတ်လိုက်တယ်။

          " ခင်ရေ ... "

          မောင့်အသံကို ကြားမိတဲ့အချိန် သိပ်တော့မအံသြမိ။ သူမဘဝမှာ ဘာဆက်လုပ်ရမှန်း မသိအောင် လော့ကျပြီးသွားပြီ။ သူနဲ့ ခဏလေး ကင်းကွာနေလိုက်တာ သိပ်ကောင်းတဲ့ခံစားချက်ပဲနော်။

          ခင်တစ်ယောက် ခံစားမှု သာမန်အခြေအနေအသံနဲ့ တုန့်ပြန်စကားဆိုနေမိပါတယ်။ ခဏနေတော့ ဖုန်းကို ချလိုက်တယ်။

          အိပ်ခန်းထဲ ပြေးဝင်ပြီး  စားပွဲခင်းလေးကို ဖြန့်ခင်းနေတယ်။ အဲဒီပေါ်မှာ ပန်းအိုးလေးနဲ့ ပန်းစည်းအစအနတွေ။ သူမ ကတ်ကြေးကို ကောက်ကိုင်လိုက်တယ်။ သူမလက်ထဲမှာ လှပတဲ့ ပန်းစည်းလေးက ပုံပေါ်လာတယ်။ သူမမျက်နှာလေးက ယောင်ယောင်လေး ပြုံးနေတယ်။ သူမ အေးချမ်းစွာနေခဲ့တာ ကြာပါပြီ။ မောင် မရှိတဲ့ဘဝဟာလည်း သာယာနေတာပဲ။

•        မရှိမဖြစ်လို့ မှတ်ယူထားတဲ့အရာတွေကို လွှတ်ချရတဲ့အခါ အစတော့ သိပ်ပင်ပန်းပေမယ့် တဖြည်းဖြည်းနဲ့တော့ နေသာလာပါတယ်။

•        ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး သိမှုမှတ်ဉာဏ် ပြန်တည်ဆောက်လိုက်တဲ့အခါ အရာအားလုံးကို အရှိအတိုင်း မြင်လာတယ်။ ငါ့မှာ မြတ်နိုးတဲ့အလုပ် ရှိတယ်။ လှပတဲ့အနာဂတ် ရှိတယ်။ သူငယ်ချင်းကောင်းတွေ ရှိတယ်။

•        မနက်တိုင်းထပြီး ခပ်သွက်သွက်လေး ပြေးလိုက်တာဟာ သူမကို သိပ်ကျန်းမာရေးကောင်းစေတယ်။ ခင် တစ်ယောက် ညကို ကောင်းကောင်း အိပ်ပျော်လာတယ်လေ။

•        ဘာသာပြန်စာအုပ်တွေက သိပ်ဆွဲဆောင်မှုရှိတယ်။ စကားလက်အိုဟာရာကို တမေ့တမော စွဲသွားတာပဲ။ မနက်ကျရင် အားလုံးကောင်းသွားမယ်လေ။ ရဲတိုက်စာအုပ်ထဲက ဒေါက်တာ အင်ဒရူးရဲ့အမျိုးသမီးလိုတော့ မဖြစ်ချင်ဘူး။ သူမတစ်ဘဝလုံး ပေးဆပ်ခဲ့ရပြီး မထိုက်မတန်ကြီး အဆုံးမသတ်ချင်ပြန်ဘူး။

•        ကိုယ့်ကိုယ့်ကိုယ် ပိတ်ချထားတာ ချောင်ပိတ်မိထားတာ တကယ်တော့ လွဲနေတဲ့အတွေးအခေါ်။ ဆီမီးထွန်းပွဲလေးရယ်။ စာပေဟောပြောပွဲရယ်။ မိတ်ဆုံစားပွဲလေးရယ်။ ပရဟိတအဖွဲ့နဲ့ အစည်းအဝေးလေးရယ်က ခင့်ကို စိတ်ရောကိုယ်ပါ ပြန်တက်ကြွစေတယ်လေ။

          နောက်နေ့မနက်မှာတော့ အိမ်နားက ရိပ်သာဘေးမှာ မနက်အစောထပြီး တစ်ပတ်လောက် ခပ်သွက်သွက်ပြေးနေတဲ့ ခင့်ကို မြင်ကြရပါတယ်။ သူမ ကြည့်ရတာ နည်းနည်းမောနေပေမယ့် မျက်နှာလေးကတော့ ပကတိကြည်လင်လို့ပါပဲ။

          ဘဝမှာ ဘယ်အရာမှ အဆုံးသတ် မဟုတ်သလို အဆိုးဆုံးဆိုတာလည်း ကိုယ်သတ်မှတ်မှ ဖြစ်တာဆိုတာ ကောင်းကောင်း နားလည်ခဲ့ပြီလေ။

          အရာအားလုံးထက် မိမိကိုယ်မိမိ သိရှိဖို့ အဆိုးကို ရင်မဆိုင်ရဲပဲ ပုန်းကွယ်ရှောင်တိမ်းရာကနေ တည့်တည့် ဝင်တိုးပစ်လိုက်တာက နာတော့ နာကျင်တယ်၊ ဒါပေမဲ့ အနာကျက်မြန်တယ်ဆိုတာ ခင် တစ်ယောက် ဘဝကပေးတဲ့ သင်ခန်းစာကနေ သိရှိခဲ့တာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)