ချေွးပေါင်းခန်းရဲ့ ကောင်းကျိုးများ
ချေွးပေါင်းခန်းမှာ ထိုင်နေခြင်းဖြင့် သွေးကြောများကိုကျယ်စေ၍ နှလုံးခုန်နှုန်းမြှင့် တင်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ သွေးလည်ပတ်မှုကောင်းခြင်းကြောင့် ကြွက်သား နာကျင်မှုတွေသက်သာစေခြင်း၊ အကြောအဆစ်လှုပ်ရှားမှုကို ကောင်းမွန်စေခြင်းနဲ့ အဆစ်အမြစ်ရောင်၍ ကိုက်ခဲခြင်းကိုသက်သာစေခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိနိုင်ပါတယ်။
ချေွးပေါင်းခန်းရဲ့အပူရှိန်ကြောင့် ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်၍ ပေါ့ပါးလန်းဆန်းစေပါတယ်။ ထို့ပြင် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးခြင်းကိုလျော့ကျစေနိုင်ပါတယ်။ နှလုံးအတွင်းမှာရှိတဲ့ ဆဲလ်တွေရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သွေးလွှတ်ကြောနံရံမှာရှိတဲ့ ဆဲလ်တွေဟာ နှလုံးကို သွေးရောက်တဲ့ပမာဏကို ထိန်းညှိနိုင်တဲ့အကောင်းဆုံးအရာတွေဖြစ်တာကြောင့် ၎င်းဆဲလ်တွေရဲ့အလုပ်တွေကို မြှင့်တင်ပေးခြင်းဖြင့် နှလုံးရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုအားကောင်းစေပါတယ်။ ချေွးပေါင်းခန်းအသုံးပြုခြင်းကြောင့် စိတ်ဖိစီးမှုလျော့ကျစေနိုင်ပြီး နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေနိုင်တာလည်း ဖြစ်ပါတယ်။
သတိပြုရန်အချက်များ
အမေရိကန်နှလုံးအဖွဲ့အစည်းကြီး၏အဆိုအရ ချေွးပေါင်းခန်းတွေကို အတော်အသင့်အသုံးပြုခြင်းဟာ လူအများစုအတွက် အန္တရာယ်ကင်းပါတယ်။ ဒါပေမယ့် ချေွးပေါင်းခံခြင်းဟာ သွေးပေါင်ချိန်ကို ကျစေနိုင်တာကြောင့် သွေးပေါင်ကျတတ်သူတွေဟာ ဆရာဝန်နှင့်ကြိုတင်တိုင်ပင်သင့်ပါတယ်။ ထို့ပြင် မကြာသေးမီက နှလုံးတိုက်ခိုက်မှုခံထားရတဲ့သူတွေဟာလည်း ဆရာဝန်နှင့်ဆွေးနွေးပြီးမှသာ ချေွးပေါင်းခန်းကို အသုံးပြုသင့်ပါတယ်။
ချေွးပေါင်းခန်းကို အချိန်အကြာကြီးအသုံးပြုတဲ့သူတွေအတွက် အကြီးမားဆုံးအန္တရာယ် ကတော့ ချေွးထွက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းပဲဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ကဲ့သို့သော ရောဂါဝေဒနာရှင်တွေမှာ ရေဓာတ်ခန်းခြောက်ခြင်းက အလွန်ပင်အန္တရာယ်များပါတယ်။ အပူချိန်များခြင်းကြောင့် အချို့သူတွေမှာ ခေါင်းမူးခြင်းနဲ့ပျို့ခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် သတိပြုရမယ့်အချက်တွေကတော့
1. အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ
အရက်သောက်ခြင်းဟာ ဆီးများများသွားစေတာကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။
2. ချေွးပေါင်းခန်းကို အချိန်အကြာကြီးအသုံးမပြုပါနှင့်
တစ်ကြိမ်လျှင် မိနစ် 20 ထက်ပိုမကြာသင့်ပါ။ တစ်ခါမျှ မသုံးဘူးသူတွေဆိုလျှင် 5-10 မိနစ်ထိသာ အသုံးပြုသင့်ပါတယ်။ တဖြည်းဖြည်းခံနိုင်လာပြီဆိုမှ မိနစ် 20 ထိတိုးပြီးသုံးပါ။
3. ရေများများသောက်ပါ
ဘယ်လိုအမျိုးအစား ချေွးပေါင်းခန်းကိုအသုံးပြုသည်ဖြစ်စေ ချေွးထွက်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှု ကို ဖြည့်တင်းနိုင်ရန်အရေးကြီး လှပါတယ်။ ချေွးထုတ်ပြီးပြီဆိုလျှင် ရေနှစ်ဖန်ခွက်မှ လေးဖန်ခွက် ထိသောက်သင့်ပါတယ်။
4. နေမကောင်းလျှင် ချေွးထုတ်ခန်းမသွားသင့်ပါ
ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သွေးပေါင်ကျတတ်သူများ၊ အခြားရောဂါရှိသူများဆိုလျှင် ဆရာဝန်နှင့်ကြိုတင်၍ တိုင်ပင်သင့်ပါတယ်။
ချေွးပေါင်းခန်း၊ ရေနွေးကန်စိမ်ခြင်းနှင့်ပတ်သက်သော အယူအဆများ
ချေွးပေါင်းခန်းဝင်တာကြောင့် ချေွးထွက်တာကမှန်ပေမယ့်လည်း ချေွးထွက်ခြင်းကြောင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်တယ်ဆို်တာကတော့ သိပ္ပံနည်းကျအရ သက်သေပြချက်တွေမရှိပါဘူး။ ချေွးတွေကို အဆိပ်အတောက်တွေနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူး။ အရက်၊ ပြဒါးနဲ့ အလူမီနီယံကဲ့သို့ အဆိပ်တွေကို ကျောက်ကပ်၊ အသည်းနဲ့ အူတွေက ဖယ်ရှားပေးတာဖြစ်ပါတယ်။
နောက်ထပ်ယူဆချက်ကတော့ ရေနွေးငွေ့ပေါင်းခံခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင် တယ်ဆိုတာပါပဲ။ ချေွးပေါင်းခန်းဝင်ပြီးနောက် တစ်ပေါင်လောက်ကျသွားခြင်းဟာ အဆီတွေကြောင့် မဟုတ်ဘဲ ရေဓာတ်ဆုံးရှုံးတာကြောင့်ပဲဖြစ်ပါတယ်။ အစားအသောက်တစ်ခုခုပြန်စားလိုက်တာနဲ့ အဲဒီကိုယ်အလေးချိန်က ပြန်တက်လာမှာပဲဖြစ်ပါတယ်။
Dr. Thinzar Wynn















