/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချွဲသလိပ်အရောင်ကိုကြည့်ပြီး-ဘာတွေသိနိုင်သလဲ

ချွဲသလိပ်အရောင်ကိုကြည့်ပြီး ဘာတွေသိနိုင်သလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပါးစပ်ထဲကနေ ထွက်လာတဲ့ ချွဲသလိပ်အရောင်ကနေပြီး အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အခြားအင်္ဂါတွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ အများကြီး ပေးနိုင်ပါတယ်။

 

♦       ချွဲအကြည်

        အရောင်ကြည်နေတဲ့ ချွဲက ပုံမှန်ဖြစ်ပြီး ဒီထဲမှာ ရေ၊ ဆား၊ ပဋိပစ္စည်းနဲ့ အခြားခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ပါဝင်ပါတယ်။ ဒီအချွဲတွေကို အသက်ရှူလမ်းကြောင်းထဲမှာ ထုတ်ပြီးတဲ့နောက် အများစုက လည်ချောင်းထဲကိုကျပြီး မျိုချလိုက်ပါတယ်။

 

♦       အဖြူရောင်ချွဲ

        ချွဲက အဖြူရောင် ဖြစ်နေတယ်ဆိုရင် နှာခေါင်းပေါက် အတွင်းရောင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နှာခေါင်းရောင်တဲ့အခါမှာ ချွဲတွေ အသက်ရှူလမ်းကြောင်းတစ်လျှောက် သွားတာကို နှေးစေပါတယ်။ ဒါကြောင့် ချွဲက ပိုပျစ်ပြီး အဖြူရောင် ဖြစ်စေပါတယ်။

 

♦       အဝါရောင်ချွဲ

        ရောဂါပိုးဝင်တဲ့ လက္ခဏာပါ။ ရောဂါပိုး ဝင်တဲ့အခါမှာ ခုခံအားစနစ်မှာ ပါဝင်တဲ့ သွေးဖြူဥတွေက ရောဂါပိုးတွေကို တိုက်ခိုက်ပြီး ချွဲထဲမှာ ပါလာတဲ့အတွက် ချွဲကို အဝါရောင် ဖြစ်စေပါတယ်။

 

♦       အစိမ်းရောင်ချွဲ

        ခုခံအားစနစ် တုံ့ပြန်တဲ့အခါမှာ ထွက်လာတဲ့ သွေးဖြူဥ၊ ပိုးမွှားများနဲ့ ပရိုတင်းတွေက ချွဲကို အစိမ်းရောင် ပြောင်းစေပါတယ်။ ဒါကြောင့် အစိမ်းရောင်ချွဲက ခုခံအားစနစ်က တုံ့ပြန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ဆိုလိုပါတယ်။

 

♦       အနီရောင်ချွဲ

        ဒါကတော့ ချွဲထဲမှာ သွေးပါတဲ့ လက္ခဏာပါ။ သွေးပါရတဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုး ရှိပါတယ်။ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်ခြင်းကြောင့် ချောင်းတွေ အရမ်းဆိုးတဲ့အခါမှာလည်း အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ သွေးကြောလေးတွေပေါက်ပြီး သွေးထွက်တတ်သလို တစ်ခါတလေမှာ ရောဂါကြီးကြီးမားမား တစ်ခုကြောင့်လည်း ချွဲထဲမှာ သွေးပါနိုင်ပါတယ်။

 

♦       အညိုရောင်ချွဲ

          အထဲမှာ သွေးထွက်ပြီး အတော်ကြာမှ ချွဲထဲမှာ သွေးပါလာရင်တော့ အညိုရောင် ဖြစ်တတ်ပါတယ်။

 

♦       အမဲရောင်ချွဲ

          မှိုစွဲရင် အမည်းရောင်ချွဲ ထွက်တတ်ပါတယ်။ တကယ်လို့ အမည်းရောင်ချွဲတွေ ထွက်တယ်ဆိုရင် (အထူးသဖြင့် ခုခံအား မကောင်းတဲ့သူတွေမှာ) ဆေးခန်း အမြန်ဆုံး ပြသသင့်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)