/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေချောင်းမှာ-အဖြစ်များသော-ကျန်းမာရေးပြဿနာများ

ခြေချောင်းမှာ အဖြစ်များသော ကျန်းမာရေးပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွနု်ပ်တို့ရဲ့ ခြေထောက်မှာ ခြေချောင်းလေးတွေရဲ့ အရေပြား၊ အရိုး၊ သွေးလှည့်ပတ်မှု၊ တစ်သျှူး စတာတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီပြဿနာတွေက ကျွနု်ပ်တို့ရဲ့ ပုံမှန်လမ်းလျှောက်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

          အထူးသဖြင့် ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ခြေထောက်ဖြတ်ရတဲ့အထိ မဖြစ်စေဖို့ ခြေထောက်ကို အမြဲပုံမှန်ဂရုစိုက်ဖို့ လိုပါတယ်။ အရိုးရောင်တဲ့သူတွေအတွက်လည်း ခြေထောက် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးအဆစ် ရောင်ရမ်းခြင်းက ခြေမအောက် အရိုးငေါထွက်ခြင်းကို ဖြစ်စေပြီး လေးဖက်နာရောဂါက အဆစ်ရောင်စေပြီး အသားမာတက်ခြင်းနဲ့ အနာဖြစ်စေပြီး ခြေချောင်းတွေ ပုံပျက်စေပါတယ်။

          ခြေချောင်းတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ -

 

1.      အားကစားသမားခြေထောက် (Athlete's foot)

        အရေပြား အထူးသဖြင့် ခြေချောင်းတွေကြားထဲက ပူနွေးစိုစွတ်တဲ့နေရာတွေမှာ မှိုစွဲတာကို ပြောတာပါ။ မှိုစွဲတာက တစ်စုံတစ်ယောက်နဲ့ ထိတွေ့မိရင်ဖြစ်စေ၊ ရောဂါပိုးနဲ့ ထိတွေ့မှုရှိတဲ့ တဘက်၊ ရှူးဖိနပ်၊ ရေချိုးခန်းကြမ်းပြင်၊ အဝတ်လဲခန်းကြမ်းပြင်နဲ့  ရေကူးကန် တစ်ဝိုက်မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ မှိုစွဲပါက ခြေချောင်းများအကြားတွင် ပူခြင်း၊ ယားခြင်း၊ အရေပြားများ ကွာခြင်း၊ ကွဲထွက်ခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။

 

2.      လက်သည်း၊ ခြေသည်း မှိုစွဲခြင်း

        လက်သည်း၊ ခြေသည်းတွေ ထူပြီး ဖြူလာ၊ ကွဲလာ၊ ကျွတ်ဆတ်လာပါက လက်သည်းမှိုစွဲနေတာ ဖြစ်နိုင်ပါတယ်။ ဒါက ကုသလို့ ရပါတယ်။ တကယ်လို့ မကုဘဲနေရင် အခြားလက်သည်းတွေကို ပျံ့နှံ့တတ်ပါတယ်။

 

3.      ကြွက်နို့

        ခြေဖဝါးနဲ့ ခြေချောင်းတွေပေါ်မှာ ပေါက်တတ်တဲ့ ကြွက်နို့အမျိုးအစားပေါင်း များစွာရှိပါတယ်။ ဒီကြွက်နို့တွေက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ verrucas ဆိုတဲ့ ကြွက်နို့တစ်မျိုးက အပေါ်ကို ထွက်လာရမယ့်အစား အရေပြားထဲမှာပဲ မြုပ်နေပြီး အလည်မှာ အမည်းစက်လေးဖြစ်နေပြီး နာတတ်ပါတယ်။

 

4.      မှဲ့

        မှဲ့ဆိုတာ အရေပြားပေါ်က အနက်ရောင် (သို့) အညိုရောင် အစက်လေးဖြစ်ပြီး ပုံမှန်အားဖြင့် အန္တရာယ် မရှိပါဘူး။ တစ်ခါတလေမှာတော့ မှဲ့ကနေ ကင်ဆာအဖြစ် ပြောင်းလဲတတ်ပါတယ်။ ခြေချောင်း (သို့) အခြားနေရာတွေမှာ မှဲ့ပေါက်လာရင် ပုံမှန်မှဲ့ပဲလား (သို့) အရေပြားကင်ဆာလား ဆိုတာကို သေချာစောင့်ကြည့်သင့်ပါတယ်။

 

5.      ဖိနပ်ပေါက်ပြီး အသားမာတက်ခြင်း

        ထပ်ခါထပ်ခါ ပွတ်တိုက်မှုကြောင့် ခြေချောင်းပေါ်မှာ အသားမာတက်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်နဲ့မတော်တဲ့ ဖိနပ်တွေကြောင့် အဖြစ်များပါတယ်။

 

6.      အသားမာတက်ခြင်း

        ခြေချောင်းပေါ်မှာပေါက်တဲ့ အသားမာနဲ့ ဘေးဖက်မှာပေါက်တဲ့ အသားမာ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖြူရောင် ထူထူမာမာရှိသလို ခြေချောင်းတွေကြားထဲမှာပဲ ပါးပါးလေးနဲ့ ပျော့ပျော့လေး ဖြစ်နေတာလည်း ရှိပါတယ်။ ပွတ်တိုက်မှုနဲ့ ဖိအားတွေကြောင့် အသားမာ တက်ပါတယ်။

 

7.      ခြေစွယ်ငုတ်ခြင်း

        ခြေသည်းရဲ့ထောင့်ချွန်လေးက ခြေချောင်းဘေးသားထဲကို တိုးဝင်တဲ့အခါမှာ နာပြီး ရောင်လာပါတယ်။ အထူးသဖြင့် လက်မ၊ ခြေမတွေမှာ အဖြစ်များပါတယ်။ သေချာမကုဘူးဆိုရင် ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။

 

8.      ခြေသည်း ထိခိုက်ဒဏ်ရာရခြင်း

        ခြေသည်းကို ထိခိုက်မိပါက ခြေသည်းအောက်မှာ သွေးခြေဥတတ်ပါတယ်။ ဆရာဝန်နဲ့ သေချာပြပြီး သွေးထွက်ဖို့အတွက် ခြေသည်းအောက်ကနေ အပေါက်သေးသေးလေးဖောက်ပြီး ထုတ်ရပါမယ်။

 

9.      ခြေချောင်းကြွက်သားနှင့် အရွတ်များ ဒဏ်ဖြစ်ခြင်း

        ခြေချောင်း အထူးသဖြင့် ခြေမရဲ့ကြွက်သားနဲ့ အရွတ်တွေက ဖိအား (သို့) တင်းလွန်းဆန့်လွန်းခြင်းကြောင့် ဒဏ်ဖြစ်နိုင်ပါတယ်။ ဒဏ်ဖြစ်တဲ့ အဆစ်ပတ်လည်မှာ နာခြင်း၊ ရောင်ခြင်း၊ ညိုမဲစွဲခြင်းတွေ ဖြစ်နိုင်သလို ဒါတွေက ကြွက်သားဒဏ်ဖြစ်သွားတဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

 

10.    ခြေချောင်း အရိုးကျိုးခြင်း

        ခြေချောင်းတစ်ချောင်းမှာရှိတဲ့ အရိုးတစ်ချောင်း (သို့) တစ်ချောင်းထက်ပိုပြီး ထိခိုက်ဒဏ်ရာရရင် ခြေချောင်းအရိုး ကျိုးတတ်ပါတယ်။ အရိုးကျိုးသွားတဲ့အခါမှာ နာတော့နာနေပြီး အရေပြားကတော့ ပုံမှန်အတိုင်း ဖြစ်နေနို်င်သလို အရေပြား ပုံပျက်ပြီး အရိုးက အရေပြားကို ဖောက်ထွက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရိုးကျိုးတဲ့ လက္ခဏာတွေကတော့ နာခြင်း၊ ရောင်ခြင်း၊ တောင့်တင်းနေခြင်း ပြီးရင် ညိုမဲစွဲခြင်းတွေ ဖြစ်ပါတယ်။

 

11.    Hammer toe

        Hammer toe ဆိုတာကတော့ ခြေချောင်းတွေက အောက်ကို စိုက်နေခြင်း (သို့) ခြေချောင်း ပထမအဆစ်မှာ V ပုံစံ ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူ (သို့) သွေးလှည့်ပတ်မှု မကောင်းသူတွေမှာ ဒီလိုဖြစ်ရင် ပိုပြီးဆိုးဆိုးရွားရွား ဆက်ဖြစ်နိုင်ပါတယ်။

 

12.    Bunion

        ခြေမအရင်းနားမှာ အရိုးအတက်လေး ထွက်လာခြင်း ဖြစ်ပါတယ်။ ခြေမကို အခြားခြေချောင်းတွေ ဘက်ကို ကွေးသွားစေပြီး ဆိုးရွားစွာ နာကျင်စေပါတယ်။ ခြေသန်းအောက်ခြေမှာလည်း ဖြစ်တတ်ပါတယ်။

 

13.    သွေးလှည့်ပတ်မှု မကောင်းခြင်းကြောင့် နာကျင်ကိုက်ခဲခြင်း

        ခန္ဓာကိုယ်ရဲ့ ပုံမှန်တုံ့ပြန်မှု တစ်ခုအနေနဲ့ အေးတဲ့ရာသီမှာ သွေးကြောသေးသေးလေးတွေက ကျဉ်းလာပြီးတော့ အပူနဲ့ ထိတွေ့လိုက်တဲ့အခါ ရုတ်တရက် ပြန်ကျယ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ခြေချောင်းတွေ ရောင်ရမ်းခြင်းနဲ့ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။

 

14.    နှင်းကိုက်ခြင်း

        အရမ်းအအေးနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တဲ့အခါမှာ ခြေချောင်းတွေ အပါအဝင် ခန္ဓာကို်ယ် အစွန်အဖျားပိုင်းတွေမှာ အထိအတွေ့ခံစားမှုတွေ ဆုံးရှုံးပြီး အရောင်ပြောင်းလဲလာခြင်းကို နှင်းကိုက်တယ်လို့ ခေါ်ပါတယ်။ အအေးနဲ့ ထိတွေ့မှုပမာဏပေါ် မူတည်ပြီး အရေပြားပေါ်မှာ အဖြူကွက်၊ စိမ်းပြာ၊ ညိုမဲ စသည်ဖြင့် အရောင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

 

15.    ခြေချောင်းများ ထုံကြဉ်အေးစက်နေခြင်း

        ခြေချောင်းတွေကို နွေးနွေးထွေးထွေး ထုတ်ထားဖို့ လိုပါတယ်။ သိုင်းရွိုက်အားနည်းရောဂါ၊  ဆီးချိုအပါအဝင် ရောဂါအမျိုးမျိုးကြောင့် ခြေချောင်းများ ထုံကြဉ်ခြင်း၊ အေးခြင်း၊ သွေးလှည့်ပတ်မှု မကောင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ နှလုံးဆေးအချို့ကြောင့်လည်း ခြေဖျားလက်ဖျားတွေ အေးတတ်ပါတယ်။

 

16.    ဂေါက်ရောဂါ

        ဂေါက်ရောဂါမှာဆိုရင် uric acid အမှုန်လေးတွေ အနည်ကျပြီး ခြေမအောက်ခြေ အတွင်းဘက်မှာ အဖုဖြစ်ကာ ခြေမအနာဖြစ်ခြင်း၊ စုတ်ပြဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ခြေမအောက်မှာ ရောင်ရမ်းခြင်း၊ နာခြင်း၊ နီခြင်းတွေ ခံစားရပါတယ်။

 

17.    Morton’s neuroma

        ခြေခလယ်နဲ့ ခြေသန်းကြွယ်အကြားက အာရုံကြော ထိခိုက်မိတာကို Morton’s neuroma လို့ ခေါ်ပါတယ်။ အာရုံကြောကို အရိုးနဲ့ ဖိမိတာက ကိုယ်နဲ့ မတော်တဲ့ဖိနပ်တွေ စီးရင် ပိုဆိုးစေနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)