ခြေထောက် ချိတ်ထိုင်တာ၊ ခြေထောက် တစ်ချောင်းပေါ်တစ်ချောင်း ထပ်ထိုင်တာကြောင့် သွေးကြောထုံးနိုင်လား?
ခြေထောက် ချိတ်ထိုင်ရုံနဲ့တော့ သွေးကြောမထုံးပါဘူး။ ဒါပေမဲ့ အကြာကြီး ခြေထောက် ချိတ်ထိုင်ရင်တော့ သွေးကြောထုံးတွေနားက သွေးစီးဆင်းမှုကို နှေးစေပြီး သွေးတွေ စုနေစေတဲ့အတွက် ရှိပြီးသား သွေးကြောထုံးတွေကို ပိုဆိုးစေပြီးတော့ သွေးခဲ ဖြစ်သွားစေနိုင်ပါတယ်။
သွေးကြောထုံးတာက အမျိုးသားရော၊ အမျိုးသမီးရောမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ သွေးကြောထုံးဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မျိုးရိုးလို်က်တာပါ။ 70% လောက်က အမေ (သို့) အဖေမှာလည်း ဒီလိုဖြစ်တာကို တွေ့ရပါတယ်။ စပျစ်သီးလိုမျိုး ထင်ထင်ရှားရှားကြီး ဖုဖောင်းထွက်နေတာမျိုး ရှိသလို မမြင်သာတဲ့ ပင့်ကူမျှင်လို သွေးကြောအနီလေး၊ အပြာလေးတွေအဖြစ် ရှိနေတာမျိုးလည်း ရှိပါတယ်။ ပင့်ကူမျှင်လိုမျိုး သွေးကြောလေးတွေကိုတော့ အာထရာဆောင်း ရိုက်ကြည့်မှပဲ သိနိုင်ပါတယ်။ လက်တွေ၊ ခြေထောက်တွေနဲ့ ရင်သားတွေမှာ ဖြစ်တာတွေကို ကုသလို့ရပါတယ်။
သွေးကြောထုံးတွေရှိရင် အောက်ပါကုထုံးတွေ ပေးလို့ရပါတယ်။ လက္ခဏာတွေအပေါ် မူတည်ပြီးတော့ အကောင်းဆုံး နည်းလမ်းတွေကတော့ ကွဲပြားနိုင်ပါတယ်။
● နေထိုင်မှုပုံစံ ပြောင်းလဲခြင်း - အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ပါ၊ လမ်းများများ လျှောက်ပါ၊ လေ့ကျင့်ခန်း ပိုလုပ်ပါ၊ တစ်နေရာတည်းမှာ အကြာကြီး မတ်တပ်မရပ်ပါနဲ့၊ စီးတဲ့ဖိနပ်တွေ၊ ရှူးတွေကို သေချာဂရုစိုက်ပါ၊ ပြီးတော့ အလုပ်မှာ ထို်င်တဲ့ခုံက ကိုယ့်ရဲ့ခြေထောက်တွေ၊ နောက်ကျောတွေအတွက် မကောင်းတဲ့ခုံ မဖြစ်ပါစေနဲ့။
● Ventonics, Vento-active ဆေးတွေ - ဒီဆေးတွေကတော့ သွေးပြန်ကြောနံရံတွေ အားကောင်းစေဖို့၊ သွေးကြောထုံးတွေ ပျက်စီးမှု နှေးကွေးစေဖို့အတွက် သောက်ဆေးဖြစ်ပါတယ်။
● အထောက်အပံ့ပေးနို်င်တဲ့ ခြေအိတ်/ pantyhose - ဒါတွေကတော့ အားနည်းနေပြီးတော့ ကြီးနေတဲ့ အပေါ်ယံသွေးကြောတွေကို ထောက်ပံ့ပေးပြီးတော့ ဒီသွေးကြောထုံးတွေထဲကို သွေးတွေ နောက်ပြန် ပြန်စီးတာကို လျော့ကျစေပါတယ်။ သွေးကြောထုံးတွေ ပိုကြီးလာတာကို နှေးစေပြီးတော့ လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပြီးတော့ ခြေထောက် ရောင်တာ၊ အရည်တွေ စုနေတာကို ထိန်းပေးနိုင်ပါတယ်။
● Chemical Ablation/ ထိုးဆေး - ဒါကတော့ သွေးပြန်ကြောထဲကို ဆေးရည် ထိုးထည့်ပြီးတော့ သွေးပြန်ကြောရောင်အောင် လှုံ့ဆော်ပေးပြီးတော့မှာ stocking, ပတ်တီးစီးပြီးတော့ ဖိနှိပ်လိုက်တာပါ။
● ခွဲစိတ်ခြင်း - ကွဲနေတဲ့ သွေးကြောအဆို့ရှင်တွေကို ချည်လိုက်ပြီးတော့ မကောင်းတဲ့ သွေးပြန်ကြောတွေကို ဖယ်ထုတ်လိုက်တာပါ။
● အပူပေးခြင်း (Thermal ablation using endovenous laser or radiofrequency) - ဒါကတော့ ပေါင် (သို့) ခြေသလုံးနောက်မှာရှိတဲ့ သွေးကြောတွေကို အပူပေးပြီး ဖျက်ဆီးလိုက်တာပါ။
● Vein Glue - ဒါကတော့ Cyanoacrylate သုံးပြီးတော့ သွေးကြောနံရံတွေကို ကော်ကပ် ပိတ်လိုက်တာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















