ခြေဖနောင့်တွေ ဘာလို့နာ
ခြေဖနောင့်နာရတဲ့ အကြောင်းအရင်းတွေထဲမှာ ခြေဖဝါးအောက်ခြေကနေပြီးတော့ ခြေဖမိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်ရောင်ရမ်းခြင်းကြောင့် အဖြစ်အများဆုံးပါပဲ။
ခြေဖနောင့် အရွတ်ရောင်ရင် မနက်ပိုင်းစပြီး ထထချင်းအချိန်မှာ ခြေဖနောင့်ထဲကနေပြီးတော့ စူးပြီးနာပါတယ်။ တဖြည်းဖြည်း လှုပ်ရှားမှု လုပ်တာနဲ့ နာတာ သက်သာသွားပေမယ့်လည်း အကြာကြီး မတ်တပ်ရပ်ရင် (သို့) ထိုင်ရာကနေ ထလိုက်ရင် ပြန်နာတတ်ပါတယ်။
ဒီခြေဖနောင့်အရွတ်ရောင်တာက အပြေးသမားတွေမှာ အဖြစ်များသလို အဝလွန်တဲ့သူတွေနဲ့ ခြေထောက်ကို ကောင်းကောင်းထောက်ပံ့မပေးနိုင်တဲ့ ရှူးဖိနပ်တွေ စီးတဲ့သူတွေမှာလည်း အဖြစ်များပါတယ်။
>> ရောဂါလက္ခဏာများ
ခြေဖနောင့်နားမှာ စူးစူးပြီး နာတာက မနက် အိပ်ရာထပြီး ပထမဆုံး ခြေထောက်ထောက်တဲ့အချိန်မှာ အဆိုးဆုံးပါ။ လှုပ်ရှားမှုလုပ်ရင်း တဖြည်းဖြည်း နာတာ လျော့သွားပြီးတော့ အကြာကြီး မတ်တပ်ရပ်ရင် (သို့) ထိုင်ရာကနေ ထလိုက်ရင် ပြန်နာပါတယ်။ လေ့ကျင့်ခန်း လုပ်နေတုန်းမှာ မနာပေမယ့် လုပ်ပြီးရင် နာတာ ပိုဆိုးပါတယ်။
>> ဘာကြောင့် ခြေဖနောင့်အရွတ် ရောင်ရသလဲ?
ဒီအရွတ်က ခြေဖဝါးအကွေးလေးကို ထောက်ပံ့ပေးထားပြီးတော့ ဒီအပေါ်မှာ တင်းအားတွေ၊ ဒဏ်တွေ အရမ်းများလာတဲ့အခါမှာ အရွတ်မှာ ထိခိုက်ဒဏ်ရာရစေပါတယ်။ ဒီလို ထပ်ခါထပ်ခါ ဒဏ်ဖြစ်မယ်ဆိုရင် အရွတ်ရောင်စေပါတယ်။ အများအားဖြင့်တော့ ရောင်ရတဲ့အကြောင်းအရင်းကို သေချာမသိရပါဘူး။
>> ဖြစ်နိုင်ခြေများသောအချက််များ
ခြေဖနောင့်အရွတ် ရောင်စေတဲ့ သိသာထင်ရှားတဲ့ အကြောင်းအရင်း မရှိပေမယ့်လည်း ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့ -
1. အသက်အရွယ် - အသက် ၄၀-၆၀ ကြားမှာ အဖြစ်များပါတယ်။
2. အချို့သော လေ့ကျင့်ခန်းများ - တာဝေးပြေးခြင်း၊ ခုန်ခြင်း၊ အေရိုးဗစ်ကခြင်းစတဲ့ ခြေဖနောင့်နဲ့ တွယ်ဆက်ထားတဲ့ တစ်သျှူးတွေကို ဒဏ်ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကြောင့် အရွတ်ရောင်စေနိုင်ပါတယ်။
3. ခြေဖဝါးပုံစံ - ခြေဖဝါးပြားခြင်း၊ ခြေဖဝါးအခုံးမြင့်ခြင်း (သို့) လမ်းလျှောက် ပုံမမှန်ခြင်းတို့ကြောင့် မတ်တပ်ရပ်တဲ့အခါမှာ ကိုယ်အလေးချိန် သက်ရောက်မှုကို သွားထိခိုက်ပြီးတော့ အရွတ်ကို ဒဏ်ဖြစ်စေပါတယ်။
4. အဝလွန်ခြင်း - ကိုယ်အလေးချိန် ပိုများလာလေလေ အရွတ်ပေါ်မှာ ဖိအားများလေလေပဲ ဖြစ်ပါတယ်။
5. အချိန်အကြာကြီး မတ်တပ်ရပ်ရတဲ့ အလုပ်လုပ်ရသူတွေ- စက်ရုံအလုပ်သမားတွေ၊ ဆရာ/ဆရာမတွေနဲ့ တခြားမျက်နှာပြင်မာမာပေါ်မှာ အကြာကြီး မတ်တပ်ရပ်ရသူတွေမှာ ခြေဖဝါးအရွတ်ကို ထိခိုက်ဒဏ်ရာရစေပါတယ်။
>> နောက်ဆက်တွဲဆိုးကျိုးများ
ဒီလိုမျိုး အရွတ်ရောင်လို့ ခြေဖနောင့် နာနာနေတာကို ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ကြာလာတဲ့အခါမှာ ပုံမှန်လုပ်နေကျ အလုပ်တွေကိုတောင် အနှောင့်အယှက် ဖြစ််စေနို်င်ပါတယ်။ နောက်တစ်ခါ ခြေဖဝါး အရွတ်ရောင်တာကို သက်သာစေဖို့အတွက် လမ်းလျှောက်တဲ့ပုံစံကို ပြောင်းလိုက်ရင်လည်းပဲ ခြေထောက်၊ ဒူးခေါင်း၊ ပေါင်နဲ့ ခါးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















