ခွဲစိတ်ပြီးနောက် လေပွခြင်း၊ လေလည်ခြင်း
ခွဲစိတ်ပြီးချိန်မှာ လေလည်၊ မလည်ကို ဆရာဝန်တွေ၊ ဆရာမတွေ အထူးအရေးပေးပြီး မေးမြန်းကြတာကို သတိထားမိမှာပေါ့။ ဒါလေးကိုများ ဘာလို့လာလာမေးနေတာလဲလို့များ တွေးမိကြသေးလား? ယုံချင်ယုံ၊ မယုံချင်နေ၊ လေလည် မလည်ဟာ မေ့ဆေးပေးပြီးနောက် စိုးရိမ်ရတာ မှန်သမျှရဲ့ အဖြေပါပဲ။
ခွဲစိတ်အပြီး မေ့ဆေးဖြယ်တဲ့အခန်းထဲမှာ နေနေရတုန်း လေလည်တာနဲ့ ဆရာမကို ပြောဖို့ မှာထားဖူးလား?
ဘာလို့လေလည်တာကို ဂရုစိုက်နေတာလဲ? အဖြေကတော့ ရှင်းရှင်းလေးပါ။ ခွဲစိတ်အပြီး အူမလှုပ်ခြင်း ပြဿနာဖြစ်၊ မဖြစ်ကို သိရဖို့အတွက်ပါပဲ။
>> ခွဲစိတ်ပြီးနောက် လေလည်ခြင်း
ခွဲအပြီးမှာ၊ ဒီ့ထက်ပိုရှင်းရှင်းပြောရရင် မေ့ဆေးပေးပြီးနောက်မှာ ခွဲစိတ်အပြီး အူမလှုပ်ခြင်း၊ ဆေးပညာအသုံးနဲ့ဆိုရင် postoperative ileus လို့ခေါ်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာနိုင်တယ်။ အူလမ်းကြောင်းလှုပ်ရှားမှု နှေးသွားတဲ့ပြဿနာတစ်ခုပေါ့။ ပြဿနာရဲ့အတိမ်အနက်က မသိမသာကနေ သိသိသာသာ ဆိုးတဲ့အထိကို အမျိုးမျိုးရှိနိုင်တယ်။
တကယ်တော့ မေ့ဆေးပေးအပြီးမှာ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းထက် အူနိုးတာ နောက်ကျနေတာပါ။ လေလည်တာက အူလမ်းကြောင်း ကောင်းကောင်းလှုပ်ပြီ၊ အူမလှုပ်ရောဂါ မဖြစ်တော့ဘူးဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။
ဒါကြောင့်လည်း ဆရာဝန်တွေ၊ ဆရာမတွေက ခွဲစိတ်ပြီးပြီးချင်း နာရီပိုင်းမှာ လေလည်၊ မလည်ကို အရေးတယူ လာလာမေးနေတာပေါ့။
တချို့ခွဲစိတ်မှုတွေမှာ မခွဲစိတ်ခင် အူလမ်းကြောင်းကို ရှင်းထုတ်ရတယ်။ ဒီလိုလူတွေမှာ ရက်ပိုင်းလောက်ကို ဝမ်းမသွားတတ်ဘူး။ ဒါကြောင့်လည်း လေလည်တာက အူလမ်းကြောင်း အလုပ်လုပ်မလုပ်ရဲ့ အစောဆုံးလက္ခဏာတစ်ရပ် ဖြစ်နေတာပေါ့။
ပြင်ပလူနာခွဲစိတ်မှုတွေမှာဆိုရင် အိမ်မပြန်ခင် လေလည်ဖု့ိ လိုတယ်။ ဒါကြောင့် လေလည်၊ မလည် လာလာမေးနေတာကို စိတ်ကသိကအောက်မဖြစ်ဘဲ ကောင်းကောင်းပြန်ဖြေပေးနော်။
>> ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ -
ဘာလို့ ခွဲစိတ်အပြီး အူမလှုပ်တဲ့ပြဿနာ ဖြစ်ရသလဲဆိုတာ လေ့လာသူတွေကြားထဲ အမျိုးမျိုး ကွဲပြားမှုတွေ ရှိနေတယ်။ တချို့က အူလမ်းကြောင်းလှုပ်ရှားမှုကို နှေးစေတဲ့ အလိုအလျောက်အာရုံကြောစနစ်က မြန်စေတဲ့အာရုံကြောစနစ်ကို ခဏတဖြုတ် လွှမ်းမိုးသွားတာကြောင့်လို့ ဆိုကြတယ်။
နောက်တစ်ဖွဲ့ကလည်း ခွဲစိတ်မှုတွေ ပြုလုပ်တဲ့အခါ အူလမ်းကြောင်းကို ကိုင်တွယ်တာများလို့ ဖြစ်တယ်လို့ ပြောကြတယ်။ ဒါ့အပြင် ခွဲစိတ်မှုကြောင့် သွေးဖြူဥတွေကို လှုံ့ဆော်သလိုဖြစ်ပြီး သွေးဖြူဥတွေကတစ်ဆင့် တခြားဆဲလ်တွေကို လှုံ့ဆော်စေတယ်လို့ ဆိုတယ်။ နောက်သီအိုရီတစ်ခုမှာတော့ လျှပ်ဓာတ်ရည်သတ္တုဓာတ်တွေ မညီမျှတာ၊ အနာသက်သာစေဖို့ ဘိန်းအကိုက်အခဲပျောက်ဆေးတွေ သုံးရတာတွေကြောင့် ဖြစ်နိုင်တယ်။
နောက်ဆုံးအဖြေကတော့ ခွဲစိတ်အပြီး အူမလှုပ်ခြင်းဟာ အကြောင်းရင်းတစ်ခုထက်မကဖြစ်နိုင်ပြီး တစ်ယောက်ချင်းစီတိုင်းဟာ ဒီအချက်တွေကို ကိုယ်စီကိုယ်စီ ခံစားရနိုင်တယ်ဆိုတာပါပဲ။ တစ်ယောက်က ဘာဆိုးကျိုးမှမရှိဘဲ ဒီအကိုက်အခဲပျောက်ဆေးတွေကို သုံးနိုင်ပေမယ့် နောက်တစ်ယောက်မှာတော့ ဝမ်းချုပ်လေချုပ် ဖြစ်နိုင်တယ်ဆိုတာပါပဲ။
>> ရောဂါလက္ခဏာတွေအနေနဲ့ -
လူအများစုမှာတော့ အူမလှုပ်တာဟာ ခဏတစ်ဖြုတ်ဖြစ်ပေမယ့် တစ်ချိုတွေကျတော့ သာမန်ထက်ကို ဆေးရုံမှာကြာကြာနေရတာမိျုးရှိနိုင်တယ်။ ဒီလိုလူနာတွေအတွက်တေ့ာ ရောဂါလက္ခဏာတွေက ပိုဆိုးတတ်တယ်။
● ပျို့တာ
● လေပွတာ
● အန်တာ
● ဗိုက်အောင့်တာ
● ဝမ်းချုပ်၊ လေချုပ်တာတွေ ဖြစ်တတ်တယ်။
>> အဖြစ်များတတ်တဲ့လူတွေကတော့ -
အူ အကိုင်များနိုင်တဲ့၊ အူမှာ ခွဲစိတ်ရမယ့် ခွဲစိတ်မှုတွေမှာ အဖြစ်များတယ်။ ပြင်းထန်မှုလည်း ပိုဆိုးနိုင်တယ်။ အနာသက်သာစေဖို့ ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ထားသူတွေမှာလည်း ပိုဆိုးတတ်တယ်။
>> ကာကွယ်ဖို့အတွက် -
လုံးလုံးကြီး ကာကွယ်ဖို့တော့ မဖြစ်နို်င်ပေမယ့် နည်းအောင်တော့ လုပ်လို့ရတာပေါ့။ မေ့ဆေးထက် ခါးဆစ်ရိုး ထုံဆေးပေးတဲ့လူတွေမှာ ပိုအဖြစ်နည်းတယ်။ ယေဘုယျပြောရရင် မေ့ဆေးပျော့လေလေ အဖြစ်နည်းလေလေပေါ့။
အစဉ်အဆက် သုံးလာတဲ့ ခွဲစိတ်မှုတွေထက်စာရင် သိပ်ထဲထဲဝင်ဝင် မခွဲရတဲ့ခွဲနည်းအသစ်တွေက အူမလှုပ်တဲ့အချိန်ကို တိုတောင်းစေနိုင်တယ်။ မေ့ဆေးပေးချိန် တိုတာရယ်၊ ခန္ဓာကိုယ်ကို သိပ်မထိ မကိုင်ရတာရယ်ကြောင်ပေါ့။
>> အကြံပေးရမယ်ဆိုရင် -
ပုံမှန်အချိန်မှာ လေလည်တဲ့အကြောင်းကို ပြောရတာ ရှက်စရာဆိုပေမယ့် ခွဲစိတ်ပြီးချိန်မှာတော့ လေလည်တာနဲ့ ပြောကိုပြောရမယ်နေ်ာ။
အချိန်မီသာ အူမလှုပ်တာကို မသိလိုက်၊ မကုသမိလိုက်ရင် ကောင်းကောင်းနာလန်ထဖို့ ခက်သွားလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)













