ဂေါက်ရောဂါရှိသူတွေ ရှောင်ကြဉ်ရမည့် အစားအစာများ
သွေးတွင်း uric acid များတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ ဂေါက်ရောဂါဟာ အဆစ်များရောင်ပြီး ကိုက်ခဲတဲ့ရောဂါတစ်မျိုးဖြစ်ပြီး သွေးထဲမှာ uric acid များလွန်းပြီး အဆစ်ပတ်လည်မှာ စုပုံလာကာ ပုံဆောင်ခဲတွေ ဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ Purine ကို ဖြိုခွဲလိုက်တဲ့အခါမှာ uric acid ထွက်လာပါတယ်။ အစားအစာရှောင်ခြင်းဖြင့် သွေးတွင်း uric acid ပမာဏကို ကျဆင်းစေပါတယ်။ ဂေါက်ရောဂါရှိသူတွေမှာ အစားအစာကို စနစ်တကျ စားသုံးဖြင်းဖြင့် uric acid ပမာဏကို ထိန်းချုပ်နိုင်ပေမယ့် ရောဂါ လုံးဝပျောက်ကင်းသွားအောင်တော့ မကုသနိုင်ပါဘူး။
လူတစ်ယောက်ချင်းစီရဲ့ ရောဂါပုံစံအပေါ် မူတည်ပြီး အကိုက်အခဲ သက်သာစေဖို့နဲ့ uric acid ကျစေဖို့အတွက် ဆေးသောက်ဖို့လည်း လိုပါတယ်။ ဂေါက်ရောဂါကို ထစေတဲ့ အစားအစာတွေကတော့ အတွင်းကလီစာများ၊ အနီရောင်အသားများ၊ ပင်လယ်စာများ၊ အရက်နဲ့ ဘီယာတို့ ဖြစ်ကြပါတယ်။ နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်ဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ဗီတာမင် C တို့က uric acid ပမာဏကို ကျစေပြီး ဂေါက်ရောဂါထခြင်းမှ ကာကွယ်ပေးပါတယ်။
Uric acid ပမာဏကို ထိန်းချုပ်နိုင်ဖို့အတွက် ရှောင်ကြဉ်ရမယ့် အစားအစာတွေ အများကြီး ရှိပါတယ်။ အစားအစာတစ်ခုမှာ purine ပမာဏ ဘယ်လောက်ပါတယ်ဆိုတာကို ကြည့်ရပါမယ်။ Purine ဓာတ်များတဲ့ အစားအစာတွေ၊ အတော်အသင့်ပါတဲ့ အစားအစာတွေနဲ့ Fructose ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အူတွင်းကလီစာတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ ဦးနှောက် စတာတွေလည်း မစားရပါဘူး။ ဆယ်မွန်၊ တူနာ၊ ပုစွန်၊ ကဏန်း စတာတွေက ခန္ဓာကိုယ်ထဲက uric acid ကို မြင့်တက်စေတဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ သကြား ပါဝင်မှုများတဲ့ ထန်းလျက်ခဲ၊ ပျားရည်၊ သကြား စတာတွေကိုလည်း လုံးဝရှောင်ကြဉ်ရပါမယ်။
လုံးဝမစားရမယ့် အစားအစာတွေရှိသလိုပဲ မာလကာသီး၊ ချယ်ရီသီးစတဲ့ အသီးမျိုးစုံက uric acid ကျစေပြီး ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ပုံမှန်ပမာဏလောက် စားပေးရပါမယ်။ အာလူး၊ ပဲအမျိုးမျိုး၊ မှို၊ ခရမ်းသီး စတာတွေနဲ့ အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ အပါအဝင် ဟင်းသီးဟင်းရွက်အားလုံးက ကျန်းမာရေးနဲ့ ညီညွတ်ကြပါတယ်။ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ဆန်လုံးညို စတာတွေက အစားအစာနဲ့ အာဟာရဓာတ်တွေကို ညီမျှစေဖို့အတွက် အထောက်အကူပြုပါတယ်။ လက်ဖက်စိမ်းမှာ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်စွမ်းနဲ့ ခန္ဓာကိုယ်ကို သန့်စင်စေတဲ့ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အတွက် အကျိုးကျေးဇူး အလွန်များပါတယ်။ အဆစ်တွေကို ချောမွေ့စေဖို့နဲ့ လှုပ်ရှားမှုတွေ အဆင်ပြေဖို့အတွက် အဆီဓာတ် မရှိမဖြစ် လိုအပ်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ နှမ်းကြတ်စေ့အဆီ စတဲ့ အဆီတွေ စားသုံးဖို့ ထောက်ခံထားပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














