စကားပြောရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်သလား
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အဓိကနည်းလမ်း (၃) မျိုး ရှိပါတယ်။
၁။ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ခြင်း
ရောဂါများ စတင်ဖြစ်ပွားစဉ်က ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC) က Covid-19 ဟာ အဆုတ်ကို တိုက်ခိုက်သောဗိုင်းရပ်စ်ဖြစ်တဲ့အလျောက် ရောဂါရှိနေသူ ချောင်းဆိုး၊ နှာချေရာကနေ ထွက်လာတဲ့ အမှုန်အမွှားများကနေတစ်ဆင့် တစ်ဦးနှင့်တစ်ဦးကြားမှာ ကူးစက်ပျံ့နှံ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။ ဒီအဆိုပြုချက်ကို အခြေခံပြီး လူူတစ်ဦးနှင့်တစ်ဦး ၆ ပေ ခွာနေကြဖို့ CDC က အကြံပြုလမ်းညွှန်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါရှိသူတွေရဲ့ ပါးစပ်နှင့်နှာခေါင်းက ထွက်လာတဲ့ ကြီးမားတဲ့အမှုန်အမွှား (ဝ.၀၀၀၂ လက်မ သို့မဟုတ် 5 micron အရွယ်) လောက်ဟာ ကမ္ဘာ့ဆွဲအားအရ အောက်ပြန်ကျတဲ့အခါ ၆ ပေအကွာလောက်ထိ ရောက်ရှိနိုင်တယ်လို့ ယူဆကြပါတယ်။
သို့သော် University of Nebraska’s National Strategic Research Institute မှာ သုတေသနဒါရိုက်တာဖြစ်တဲ့ Josh Santarpia ကတော့ ဒီ ၆ ပေခွာနေတဲ့နည်းလမ်းဟာ တိကျခိုင်လုံတဲ့နည်းတစ်ခုမဟုတ်ဘဲ အကြမ်းဖျင်းခန့်မှန်းချက်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
သင့်အနေနဲ့ ရောဂါရှိနေသူတစ်ဦးနှင့် ပြောဆိုဆက်ဆံမိလိုက်တယ်ဆိုပါက သုံးပေပဲဖြစ်ဖြစ်၊ ခြောက်ပေပဲခွာခွာ ကူးစက်နိုင်ချေကတော့ များနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လေထုစီးဆင်းမှုကောင်းမွန်တဲ့ အခြေအနေမှာဆိုရင် ကြီးမားတဲ့အမှုန်အမွှားတွေတောင်မှ ၆ ပေထက် ဝေးဝေးလွင့်နိုင်ချေရှိလို့ ဖြစ်တယ်လို့ Santarpia က ဆိုပါတယ်။
အချို့သော ကျွမ်းကျင်သူများကလည်း ၆ ပေနည်းလမ်းဟာ ဒိတ်အောက်နေတဲ့ ယူဆချက်လို့ သတ်မှတ်ကြပါတယ်။ ၃ ပေ - ၆ ပေ စည်းမျဉ်းဟာ ၁၉၃၀ နဲ့ ၁၉၄၀ ပြည့်နှစ်များဆီက လေ့လာချက်တွေကို အခြေခံခဲ့ခြင်းသာဖြစ်ပြီး တကယ့်အနေအထားမှာ အမှုန်အမွှားတွေဟာ ၆ ပေထက် ပိုပြီးပျံ့နိုင်ချေရှိတယ်လို့ ကမ္ဘာ့ပညာရှင်များက သုံးသပ်ပြောကြားပါတယ်။
နောက်ထပ်ရှုပ်ထွေးသောအချက်အနေနဲ့ ရောဂါပျံ့နှံ့စေသူများရဲ့ အနည်းဆုံး ၂၅ ရာနှုန်းလောက်က ဘာရောဂါလက္ခဏာမှ မပြသသူများ ဖြစ်တယ်ဆိုတာပါပဲ။ ဒီအချက်ကြောင့် ချောင်းဆိုး နှာချေမှသာမဟုတ်ဘဲ အသက်ရှူခြင်းနှင့် စကားပြောဆိုခြင်းနှင့်တောင်မှ ရောဂါကူးစက်နိုင်သလားဆိုတာ စဉ်းစားစရာအချက်တစ်ခု ဖြစ်လာပါတယ်။
၂။ လေထုကတဆင့် ကူးစက်ခြင်း (Aerosol Transmission)
ရောဂါရှိသူ နှာချေ ချောင်းဆိုးရာကနေ ထွက်လာတဲ့ droplets အကြီးစားတွေသာမကပဲ ရေငွေ့လိုမျိုး အလွန်သေးငယ်တဲ့ micro-droplets လေးတွေကနေတစ်ဆင့်လည်း ဗိုင်းရပ်စ်ဟာ ပျံ့နှံ့နိုင်ပါသေးတယ်။ ဒီ အမှုန်အမွှားလေးတွေဟာ အလွန်သေးငယ်တဲ့အတွက် အောက်ကို ခဏလေးနှင့်မကျသွားဘဲ လေထုထဲမှာ နာရီများစွာနေနိုင်သလို ၁၀ ပေလောက်အကွာထိလည်း ပျံ့နှံ့နိုင်ပါသေးတယ်။ ဒါကြောင့် ရောဂါရှိနေသူနှင့် စကားပြောမိရုံနဲ့တင် ကူးနိုင်တဲ့အပြင် အခန်းတစ်ခုထဲမှာ ရောဂါရှိနေသူတစ်ဦး ချောင်းဆိုးပြီး နာရီအနည်းငယ်အကြာမှာ နောက်လူတွေ ထိုအခန်းထဲ ဝင်လာပြီး ထိုလေကို ရှူမိရင်လည်း ရောဂါကူးစက်နိုင်ချေ ရှိပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်က Choir အဖွဲ့တစ်ခုဟာ မတ်လအစောပိုင်းက ၂ နာရီစာ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါတယ်။ အဆိုတော်တွေဟာ နှာချေ ချောင်းဆိုးခြင်းမရှိသလို တစ်ဦးနှင့်တစ်ဦးလည်း ခပ်ခွာခွာနေခဲ့ကြတာပါ။ ဒါပေမဲ့ ထိုလေ့ကျင့်မှုကနေ လူ ၄၅ ဦးဟာ Covid-19 ကူးစက်ခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကူးစက်မှုဟာ လေ့ကျင့်သူအချင်းချင်းကြားမှာ Aerosol Transmission နည်းနှင့် ကူးစက်ခဲ့တာ ဖြစ်ပါတယ်။
၃။ ထိတွေ့မှုဖြင့် ကူးစက်ခြင်း (Contact Transmission)
ရောဂါရှိသူ နှာချေ ချောင်းဆိုးချိန်မှာ ပါးစပ်နှင့်နှာခေါင်းက ထွက်လာတဲ့ အမှုန်အမွှားတွေဟာ အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ တင်ကျန်နေပြီး ထိုနေရာများကို ထိမိပြီးနောက် မိမိမျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်များကို ထိမိပါက ကိုယ်ခန္ဓာတွေကတစ်ဆင့် ကိုယ်ထဲသို့ ဗိုင်းရပ်စ်ဝင်ရောက်ပြီး ကူးစက်ခံရနိုင်ပါတယ်။
Covid-19 ဟာ ဗီရိုတွေပေါ်မှာ ၂၄ နာရီ၊ ပလတ်စတစ်နှင့် စတီးတွေပေါ်မှာဆို ၂-၃ ရက်လောက်ထိ ရှင်သန်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















