စားသောက်နေထိုင်မှုပုံစံနှင့် ဆက်စပ်နေတဲ့ သည်းခြေကျောက်တည်ခြင်း
ကျွန်မတို့ပတ်ဝန်းကျင်မှာ အသက် ၅၀ အရွယ် အမျိူးသမီး၀၀ကြီးတွေ သည်းခြေကျောက်တည်ခြင်းကြောင့် ဆေးရုံတက်ခွဲစိတ်ရသူတွေကို မကြာခဏ မြင်ဖူးကြပါလိမ့်မယ်။
● ဝဖြိုးသူများနှင့် အဝလွန်သူတွေမှာ သည်းခြေကျောက်တည်ခြင်းဖြစ်ဖို့ အလားအလာများလှပါတယ်။ အထူးသဖြင့် အမျိူးသမီးတွေမှာ ဝဖြိုးသူဖြစ်ပါက ပိုမိုအလားအလာများနိုင်ပါတယ်။
● သုတေသနများအရ ဝဖြိုးသူတွေရဲ့ သည်းခြေရည်မှာ ကိုလက်စထရော မြင့်မားစွာပါတဲ့အတွက် သည်းခြေကျောက်တွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
● ခါးအဆီများသူတွေဟာ တင်ပါးနှင့်ပေါင်တစ်ဝိုက် အဆီများသူတွေထက်စာရင် သည်းခြေကျောက်တည်ဖို့ ပိုပိုဖြစ်နိုင်ချေများပါတယ်။
● ဝရာကနေ အချိန်တိုအတွင်း ပိန်သွားသူတွေမှာလည်း သည်းခြေကျောက်တည်ခြင်းဖြစ်ဖို့ အလားအလာများတာပါပဲ။
သင့်အနေနှင့် ရုတ်တရက်ပိန်သွားတာမျိုး (သို့) ကာလကြာရှည် အစားရှောင်တာမျိုးရှိပါက သင့်အသည်းကနေ ကိုလက်စထရောများစွာကို သည်းခြေရည်ထဲသို့ ထုတ်လွှတ်ပေးပါတယ်။
● ဒီလို ကိုယ်အလေးချိန်လျှော့ချတဲ့နည်းလမ်းပေါ် မူတည်ပြီး သည်းခြေကျောက်တွေ ဖြစ်၊ မဖြစ် ကွဲပြားနိုင်ပါတယ်။
● အလျင်အမြန် ဝိတ်ကျစေသောနည်းများ၊ ဝိတ်ကျအောင် ခွဲစိတ်သောနည်းများက ပုံမှန်အစားလျှော့ပြီး ဖြည်းဖြည်းချင်း ကျစေသောနည်းများထက်စာရင် သည်းခြေကျောက်တွေဖြစ်စေဖို့ ပိုမိုအားပေးပါတယ်။
● ကိုယ်အလေးချိန် မကြာခဏ တက်လိုက်၊ ကျလိုက် သံသရာလည်နေသူများတွင်လည်း သည်းခြေကျောက်တည်ခြင်း ဖြစ်နိုင်ချေ မြင့်မားပါတယ်။
ကျဆင်းသော (သို့မဟုတ်) တက်သော အလေးချိန်များလေလေ ကျောက်တည်နိုင်ချေလည်း မြင့်မားလေလြေ ဖစ်ပါတယ်။
● ဒါကြောင့် ဖြည်းဖြည်းနှင့်မှန်မှန် ကိုယ်အလေးချိန်ကျစေခြင်းဟာ ကျောက်တည်ခြင်းမဖြစ်စေဖို့ ကာကွယ်ပေးမယ့် ဝိတ်ချနည်းပဲ ဖြစ်ပါတယ်။
● အဝလွန်နေသူများအတွက် အကောင်းဆုံးနည်းလမ်းကတော့ ၆ လအတွင်းမှာ မိမိမှာရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာနှုန်းကနေ ၁၀ ရာနှုန်းကိုသာ ကျအောင်ချဖို့ဖြစ်ကြောင်း ပညာရှင်များ ညွှန်ကြားထားပါတယ်။
ဒီလိုကိုယ်အလေးချိန်ကျခြင်းဟာ စိတ်ခံစားမှုကိုလည်း ပိုမိုကောင်းစေပြီး မိမိကိုယ်ကိုယုံကြည်မှု တိုးစေပါလိမ့်မယ်။
● နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဟာလည်း သည်းခြေကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။တစ်ပတ်ကို ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။
● ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူများအနေနှင့် ဖြည်းဖြည်းနှင့်မှန်မှန်သာကျဖို့ ကြိုးစားခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာ နေ့စဉ်စားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ပိုမိုကျန်းမာလှပသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















