/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ကျရောဂါ-ရှိသူတွေဟာ-လေဖြတ်နိုင်ခြေများ

စိတ်ကျရောဂါ ရှိသူတွေဟာ လေဖြတ်နိုင်ခြေများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကာလရှည်ကြာ စိတ်ပင်ပန်းဖိစီးပြီး စိတ်ကျရောဂါ စွဲကပ်လာသူတွေမှာ လေဖြတ်နိုင်တဲ့ အလားအလာ နှစ်ဆတက်လာတာကို တွေ့ရပါသတဲ့။

          အမေရိကန် ဟားဗတ်တက္ကသိုလ်က လေ့လာသူတွေဟာ စိတ်ကျရောဂါနဲ့ လေဖြတ်ရောဂါ အန္တရာယ်ဟာ အလွန်ဆက်စပ်နေကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။

          လေဖြတ်တယ်ဆိုတာ ဦးနှောက်သွေးကြောတွေမှာ အဆီခဲတွေ၊ သွေးခဲတွေ တဖြည်းဖြည်းချင်း ပိတ်ဆို့ စုပုံလာပြီး နောက်ဆုံး လုံးဝပိတ်သွားတဲ့အခါ အဲဒီသွေးကြောက ထောက်ပံ့နေတဲ့ ဦးနှောက်ဧရိယာက အလုပ်မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။

 

>>    သက်ဆိုင်ရာဦးနှောက် အလုပ် မလုပ်နိုင်တော့တဲ့အခါ ...

●        ကိုယ်တစ်ပိုင်း မလှုပ်နိုင်ခြင်း

●        ခြေထောက် မလှုပ်နိုင်ခြင်း

●        အောက်ပိုင်းသေခြင်း

●        အစာမမျိုနိုင်ခြင်း

●        သတိမကောင်းတော့ခြင်း

          စတာတွေ ဖြစ်ပွားခံစားရပြီး ေ၀ဒနာရှင်သာမက ပြုစုရသူ မိသားစု၊ ဆွေမျိုးမှာလည်း ဒုက္ခသုခ ခံစားကြရတဲ့ အတော်ပြဿနာများတဲ့ နာတာရှည်ဝေဒနာတစ်ခုပါ။

          ဒါကြောင့်် ဒီလိုလေဖြတ်နိုင်စွမ်းကို ကာကွယ်ချင်တဲ့အတွက် ဘယ်အကြောင်းအရာတွေက လေဖြတ်ဖို့ တွန်းပို့နေလညိးဆိုတာ သုတေသနတွေ အကြိမ်ကြိမ် ပြုလုပ်ဆွေးနွေးခဲ့ကြပါတယ်။

          အဲဒီသုတေသနတွေထဲမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတာကတော့ စိတ်ကျရောဂါနဲ့ ဆက်စပ်မှု ဖြစ်ပါတယ်။

          စိတ်ကျရောဂါ ခံစားနေရပြီး ကိုယ်အား၊ ဉာဏအား ဆုတ်ယုတ်နေသူတွေမှာ ဦးနှောက်သွေးကြောနဲ့ သွေးစီးဆင်းမှုတွေ အပြောင်းအလဲ ဖြစ်လာပြီး လေဖြတ်ဖို့ တွန်းအားပေးနေပါတယ်။ စိတ်ညစ်လေ၊ စိတ်ပူတတ်လေ၊ ဂဏှာမငြိမ်လေ၊ လေဖြတ်နိုင်လေ လို့ပဲ ဆိုရမှာပါ။

 

>>    စိတ်ကျရောဂါဖြစ်နေသူတွေမှာ -

●        အိပ်မပျော်ဘူး

●        အဆိုးမြင်တွေချည်း တွေးမိနေမယ်

●        လုပ်ချင်ကိုင်ချင်စိတ် မရှိဘူး

●        အလိုလို ဝမ်းနည်းနေမယ်

●        အစားပျက်မယ်

●        တစ်ယောက်တည်း နေချင်မယ်

          ဒီလို စိတ်ပိုငိးဆိုင်ရာ စတင်ချို့တဲ့လာတာဟာ မြန်မြန်လေဖြတ်ဖို့ အလားအလာပါပဲ။

          စိတ်ညစ်လို့ လေဖြတ်တယ်လို့်တော့ သိပ္ပံပညာက ဆိုမထားပေမယ့် တခြား အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ အဆီအအိမ့် အစားများတာ၊ သွေးတိုးရောဂါတွေကလည်း ဟန်ချက်ညီညီ လေဖြတ်ဖို့ အကြောင်းပေးနေသလို ဖြစ်နေပါတယ်လို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။

          ဒီတော့ တရားထိုင်ခြင်း၊ ခရီးထွက်ခြင်း၊ အေးဆေးစွာ အနားယူခြင်း၊ တရားဓမ္မ အဆုံးအမ ခံယူခြင်း၊ မိသားစုနဲ့ မျှဝေခံစားခြင်း၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း စတာတွေ ပြုလုပ်ပြီး စိတ်ဖိစီးလာတဲ့အခါ စနစ်ကျကျ ကိုင်တွယ်ဖြေရှင်းလို့ လေဖြတ်အန္တရာယ်ကို ကြိုတင်ကာကွယ်ထားကြရအောင် ...။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)