စိတ်ဓာတ်ကျဆင်းခြင်း အမျိုးမျိုး
စိတ်ဓာတ်ကျဆင်းခြင်းကို သူခံစားနေရတဲ့ လက္ခဏာတွေအပေါ် မူတည်ပြီးတော့ အမျိုးအစား အမျိုးမျိုး ခွဲခြားထားပါတယ်။ ဒီထဲက အချို့ကို ဖော်ပြပေးချင်ပါတယ်။
♦ Major depressive disorder (MDD)
အနည်းဆုံး ၂ ပတ်လောက် စိတ်ဓာတ်တွေ ကျနေမယ် (သို့) လုပ်နေတဲ့အပေါ်မှာ စိတ်ဝင်စားမှု မရှိတာတွေနဲ့အတူ အနည်းဆုံး အခြားလက္ခဏာ ၄ ခုလောက်နဲ့ တွဲပြီးဖြစ်ရင် Major depression လို့ ခေါ်ပါတယ်။ ဒီလိုခံစားနေရတဲ့သူတွေက နေ့စဉ်အလုပ်တွေကို လုပ်ရာမှာ အခက်အခဲတွေ ကြုံရတတ်ပါတယ်။
♦ Melancholic depression
Melancholic ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ၂ မျိုးလုံးကို နှေးကွေးသွားစေတဲ့ ပြင်းထန်တဲ့ စိတ်ကျရောဂါအမျိုးအစားပါပဲ။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် လှုပ်ရှားမှုတွေ၊ စကားပြောတာ နှေးကွေးသွားစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကိုတောင်မှ နှေးသွားစေတဲ့အတွက်ကြောင့် အစာ မစားချင်၊ ကိုယ်အလေးချိန် သိသိသာသာကျတာ၊ ဝမ်းချုပ်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ Melancholic ကို ခံစားနေရတဲ့ တချို့လူတွေမှာကျတော့ ဂဏှာမငြိမ် ဖြစ်တတ်ပါတယ်။ ဒီရောဂါခံစားနေရသူတွေက အရာရာတိုင်းမှာ ပျော်ရွှင်မှု ပျောက်ဆုံးနေပြီးတော့ အရမ်းအလွန်အကျွံကို အပြစ်ရှိသလို ခံစားနေရတတ်ပါတယ်။
♦ Psychotic depression
ဒါက ဖြစ်လေ့ဖြစ်ထမရှိပေမယ့်လည်း ဒီအမျိုးအစားကို ခံစားရတဲ့လူတွေက အရမ်းကို စိတ်ကျတာကို ခံစားရပါတယ်။ ဒီအမျိုးအစားရဲ့ ထင်ရှားတဲ့အချက်ကတော့ စိတ်ပိုင်းဆိုင်ရာပါ ချို့တဲ့ပျက်စီးသွားပြီးတော့ တကယ်အမှန်တရားတွေနဲ့ ကင်းကွာသွားတတ်ပါတယ်။ ဒီလိုခံစားရတဲ့ လူအချို့မှာဆိုရင် အသံတွေ ကြားယောင်တာ (သူတို့မကောင်းကြောင်းတွေကို ပြောနေတဲ့အသံတွေလိုမျိုး)၊ ထင်ရောင်ထင်မှားဖြစ်တာ (အမှားတွေကို ယုံကြည်နေတာ) တွေ ဖြစ်တတ်ပါတယ်။
♦ Persistent depressive disorder (PDD)
စိတ်ကျတာ (သို့) စိတ်မတည်မငြိမ်ဖြစ်၊ ဆတ်ဆတ်ထိမခံတာမျိုးကို အနည်းဆုံး ၂ နှစ်လောက်အတွင်းမှာ အများအားဖြင့်ဖြစ်နေတာ (သို့) ၂ နှစ်အတွင်းမှာ ဖြစ်တဲ့ရက်က ပိုများနေတာကို Persistent depression လို့ ခေါ်ပါတယ်။ Major depression ခံစားနေရတဲ့ လူအများစုမှာဆိုရင် အိပ်ပျော်ဖို့ခက်တာ၊ အစာစားချင်စိတ် မရှိတာတွေ ဖြစ်လေ့ရှိပြီးတော့ ပြောင်းပြန်အနေနဲ့ atypical depression ခံစားနေရတဲ့သူတွေမှာ အရမ်းအိပ်၊ အရမ်းစားတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေအပြင် ကိုယ့်ရဲ့ဘဝမှာဘာပဲဖြစ်ဖြစ် စိတ်ခံစားချက်မရှိဘဲ ဖြစ်နေတာလည်း အဖြစ်များပါတယ်။ atypical depression မှာတော့ ဝမ်းနည်းတဲ့စိတ်က ကြီးစိုးပေမယ့်လည်း ဖြစ်စဉ်တစ်ခုချင်းစီအပေါ်မှာ စိတ်ခံစားချက်တွေက ပြောင်းလဲနေပါတယ်။
♦ အခြားစိတ်ကျအမျိုးအစားများ
တခြားအနေနဲ့တော့ ကလေးမမွေးခင်နဲ့ မွေးပြီးစိတ်ကျဆင်းခြင်း၊ စိတ်တက်လိုက်ကျလိုက်ဖြစ်ခြင်း၊ ရာသီအလိုက် စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အရမ်းကို စိတ်ဖိစီးမှုများတဲ့ ဘဝဖြစ်စဉ်တစ်ခုကို ကြုံတွေ့ရပြီးနောက်မှာ စိတ်ဖိစီးမှုကို ပြန်လည်ထိန်းညှိနေရတဲ့အချိန် စတာတွေ ဖြစ်ပါတယ်။
>> ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျဆင်းနေတယ်လို့ထင်ရင် ဘယ်လိုလုပ်သင့်သလဲ?
ကျွန်မတို့အများစုက ဒီလိုစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကြုံတွေ့ရတဲ့အခါမှာ အကြံဉာဏ်ရယူဖို့ကို စိုးရွံ့တာ၊ ရှက်တာတွေ ခံစားရလေ့ရှိပါတယ်။ ဒါက ရှက်စရာ မဟုတ်ပါဘူး။ စိတ်ဓာတ် ကျဆင်းတာက အများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာဖြစ်ပြီးတော့ ဒီအတွက် အကူအညီရှာတာက ရှက်စရာ၊ ကြောက်စရာ မဟုတ်ပါဘူး။
တစ်ခါတလေမှာ စိတ်ဓာတ်တွေကျနေတာကို ကိုယ့်ဟာကိုယ် ကြိတ်ပြီး ကုနေလို့မရပါဘူး။ ဆရာဝန် (သို့) စိတ်ရောဂါအထူးကု တစ်ယောက်ယောက်နဲ့ ပြသပြီးတော့ ကုသမှုခံယူဖို့ လိုပါတယ်။ ဆရာဝန်က စကားပြောကြည့်ပြီးတော့ လိုအပ်သလို ချိန်းပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ်ခံစားနေရတာတွေကို အကုန်ပြောပြ ဆွေးနွေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို အန္တရာယ်ပြုချင်စိတ်တွေ ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းဆက်သွယ်သင့်ပါတယ်။
>> စိတ်ကျတာအတွက် ဘာကုထုံးတွေရှိသလဲ?
ကိုယ်ခံစားနေရတဲ့ စိတ်ကျရောဂါလက္ခဏာတွေနဲ့ ပြင်းထန်မှုအပေါ်မှာ မူတည်ပြီးတော့ ကုထုံးလည်း အမျိုးမျိုး ရှိပါတယ်။ နေထိုင်မှုပုံစံ ထိန်းညှိခြင်းကတော့ အရေးကြီးဆုံးပါပဲ။ အိပ်ရေးဝဝအိပ်၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပြီးတော့ ကိုယ်လက်လှုပ်ရှားမှု လုံလုံလောက်လောက်လုပ်ဖို့ အရေးကြီးပါတယ်။ ဒီလိုနေထိုင်တာက အပျော့စား စိတ်ကျဆင်းမှုတွေကို သက်သာရစေသလို ကောင်းကျိုးတွေလည်း ရရှိစေနိုင်ပါတယ်။
စိတ်ကျဆင်းစေတဲ့ဆေးတွေ (သို့) စိတ်ကျတာတွေကို ပိုဆိုးစေတဲ့ဆေးတွေကို သောက်နေ၊ မနေ ဆိုတာကို ဆရာဝန်က သေချာစစ်ပေးပါလိမ့်မယ်။
စိတ်ကျဆင်းခြင်းကို သက်သာစေသောဆေးများ - ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို သေချာလိုက်နာပြီး သောက်ဖို့ လိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကုထုံးများ - အရာအားလုံးအပေါ်မှာ ကိုယ့်ရဲ့ရှုမြင်တဲ့ပုံစံတွေကို ပြောင်းလဲပြီးတော့ စိတ်ကျရောဂါကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေရှာပြီး ကျင့်သုံးရပါမယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















