စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက် အလေ့အကျင့်ကောင်းများ မွေးမြူပါ
စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်စုံတစ်ရာကို ခံစားနေရတဲ့သူတွေအတွက် အရေးအကြီးဆုံးအရာကတော့ အလေ့အကျင့်ကောင်းတွေကို မွေးမြူဖို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ မကောင်းတဲ့အကျင့်ဆိုးတွေ ရှိကြပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူတွေမှာ ဒီအကျင့်ဆိုးတွေက အခက်အခဲတွေကို ပိုပြီးရင်ဆိုင်ရစေပါတယ်။ အလေ့အကျင့်ကောင်းတွေဆိုတဲ့နေရာမှာ အများကြီးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ အချို့သော အလေ့အကျင့်ကောင်းလေးတွေက ရေချိုးခန်းထဲကနေပြီး စတင်လုပ်ဆောင်လို့ ရပါတယ်။
1. လုပ်ရမယ့်အရာတွေကို ချရေးထားပါ။
ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာချရေးထားတာက အချက်အလက်တွေ အရမ်းစုပုံနေပြီး စိတ်ရှုပ်ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူတွေအတွက် မနက်ခင်းမှာ နိုးထလာပြီး လုပ်စရာတွေ အများကြီး ခေါင်းထဲရောက်နေတာက ပြဿနာပါ။ ဒီတော့ ရေချိုးခန်းထဲက ဝှိုက်ဘုတ်ပေါ်မှာ တစ်နေ့လုံး လုပ်ရမယ့်အလုပ်တွေကို ချရေးထားခြင်းက လုပ်ရမယ့်အလုပ်တွေကို ရှင်းရှင်းလင်းလင်း သိစေပါတယ်။ ဒီအလုပ်တွေကို ပြီးမြောက်အောင်လုပ်ပြီး လုပ်ပြီးသားတွေကို ပြီးကြောင်းအမှတ်အသား လုပ်ထားခြင်းကလည်း စိတ်ကျေနပ်မှုကို ရစေပါတယ်။
2. စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့အတွက် အချိန်ပေးပါ။
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ စိတ်ပြေလျော့စေမယ့် အရာလေးတွေ ထား,ထားပါ။ အနံ့သင်းတဲ့ ဆပ်ပြာခဲလေးက စိတ်ကို ပြေလျော့စေနိုင်သလို တခြားကိုယ်နှစ်သက်တဲ့ စာအုပ်တွေပဲဖြစ်ဖြစ်၊ အပင်လေးပဲဖြစ်ဖြစ် ဒီအရာတွေကို အချိန်ပေးပြီး စိတ်အပန်းဖြေပါ။ ကိုယ့်ကိုယ်ကိုယ် အရမ်း စိတ်ပင်ပန်းနေပြီလို့ ခံစားရရင် ဒီလိုစိတ်ပင်ပန်းစေတဲ့ အခြေအနေကနေပြီး ရုန်းထွက်တာက အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း ဒီလိုလုပ်ဖို့က အမြဲမလွယ်ကူပါဘူး။
ဒီတော့ စိတ်တည်ငြိမ်စေဖို့အတွက် အချိန် အနည်းငယ်ပေးခြင်းက အာရုံစူးစိုက်ပြီး တည်ငြိမ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အလုပ်မှာဆိုရင်လည်း တစ်နာရီခြား တစ်ခါလောက် အိမ်သာသွားတာဖြစ်ဖြစ်၊ အသက်ရှူဖို့ အချိန်ပေး အနားယူတာမျိုး လုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပါ။
3. ကိုယ့်ကိုယ်ကိုယ် စကားပြောပါ။
တစ်ယောက်တည်း စကားပြောတာကို ရယ်စရာအဖြစ် မြင်ကြပေမယ့်လည်း ဒီလိုစကားပြောတာက ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ မနက်ပိုင်းမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မဆို ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာကြည့်ပြီး အားပေးခြင်းက မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအားပေးလို့ရလဲဆိုရင် " ငါ့ကိုယ်ငါထက် ဘယ်သူမှ ပိုမသိဘူး ... ငါ ဒီအလုပ်ကို အခုလောက်အထိ လုပ်လာနိုင်ခဲ့ပြီ ... အရင်ကလိုပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်" စသည်ဖြင့် ပြောဆိုပါ။
4. လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆက်သွယ်မှုတွေနဲ့ ခဏဝေးဝေးနေပါ။
အလုပ်အတွက် လိုအပ်လို့ ဖုန်းနဲ့ ဝေးဝေးနေလို့ မရဘူး။ ဖုန်းကို အကြာကြီး အဆက်အသွယ် ဖြတ်လို့မရဘူးဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ရေချိုးခန်းကို ဖုန်းကင်းမဲ့ဇုန်အဖြစ် စပြီးသတ်မှတ်ထားလိုက်ပါ။ မနက်ခင်းမှာ Facebook ကို ကြည့်နေမယ့်အစား သီချင်းလေး နားထောင်ပြီး အပန်းဖြေပါ။
5. သန့်ရှင်းရေး လုပ်ပါ။
စိတ်ညစ်နေတဲ့အခါတွေမှာ ညစ်ပတ်ပြီး ပစ္စည်းတွေ ရှုပ်ပွနေခြင်းက စိတ်ကို ပိုရှုပ်ထွေးစေပါတယ်။ ပြီးတော့ လုပ်စရာတွေ စုပုံနေတဲ့အခါမှာလည်း ဘယ်ကစပြီး လုပ်ရမလဲမသိ ဖြစ်စေပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ လိုနေပြီလို့ထင်ရင် ရေချိုးခန်းက စလိုက်ပါ။ ဒါက အခန်းငယ်လေး ဖြစ်တဲ့အတွက် လုပ်ရ လွယ်ပါတယ်။ အပြင်ကအရာတွေကို စိတ်မပူပါနဲ့။ ရေချိုးခန်းကိုပဲ မှန်တွေ သေချာတိုက်၊ အမှိုက်တွေ သေချာပစ်၊ အိမ်သာသန့်ရှင်းရေးကို သေချာ လုပ်လိုက်ပါ။ သေးသေးလေးတစ်ခု လုပ်လိုက်တာက ကိုယ့်ရဲ့ဦးနှောက်ကို တခြားလုပ်ရမယ့် အလုပ်တွေကို တစ်ဆင့်ချင်း မြင်လာစေဖို့အတွက် အထောက်အကူ ပြုပါတယ်။
6. အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေးပျက်ခြင်းက စိတ်ကျဆင်းခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ အိပ်ရေးဝဝ အိပ်နိုင်ဖို့အတွက် အချိန်ဇယား သေချာဆွဲထားဖို့ လိုပါတယ်။ ဒီအတွက် ညဘက်မှာ ရေချိုးခန်းထဲမှာ လုပ်သင့်တဲ့ အလေ့အကျင့်လေးတွေ ရှိပါတယ်။ ဒါက သွားတိုက်တာ၊ မျက်နှာသစ်တာတင် မကပါဘူး။ ပြတင်းပေါက်ကို ဖွင့်ပြီး လေညှင်းခံပါ။ ပြီးတော့ အိပ်ခါနီးမှာ အကြိုက်ဆုံး သီချင်းလေးတွေကို နားထောင်ပါ။ ဒီအကျင့်ကို မွေးမြူတာ ကြာလာတဲ့အခါမှာ ဒီလိုလုပ်တာကို အိပ်ချိန်ရောက်ပြီ ဆိုတာကို ခန္ဓာကိုယ်နဲ့ ဦးနှောက်ကနေ သိလာပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















