စိတ်ပျော်ရွှင်ရင် ရောဂါပိုး၀င်ဖို့ခက်
စိတ်ပျိုကိုယ်နု၊ စိတ်ထောင်းကိုယ်ကြေစတဲ့ စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်ကျန်းမာရေး ဆက်စပ်နေတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ စိတ်ပျော်ရွှင်လို့ ကျန်းမာရေးပိုကောင်းတာလား ဒါမှမဟုတ် ကျန်းမာရေးကောင်းနေလို့ ပိုမိုပျော်ရွှင် ရတာလားဆိုတာ မေးခွန်းတစ်ခုဖြစ်နေပါတယ်။
ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ စိတ်ဖိစီးမှုကင်းတဲ့ နေထိုင်မှုပုံစံက ရောဂါပိုးမွှား၀င်ရောက်မှုကို ပိုမိုခုခံ နိုင်တာကြောင့် ပျော်ပျော်နေခြင်းက အသက်ရှင်သန်ရေးအတွက် ခွန်အား တစ်ခုလို ဖြစ်နေတယ်လို့ သိရပါတယ်။ သို့ရာတွင် လူအများစုက စိတ်ပျော်ရွှင်နေချိန်တွင် ကျန်းမာရေး လိုက်စားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးခြင်းတို့ကြောင့်လည်း ကျန်းမာရေးကောင်းမွန်နိုင်တာကြောင့် ကွဲကွဲပြားပြား သိရအောင် Carnegie Mellon University မှ သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ စမ်းသပ်မှုတွင် လူပေါင်းရာကျော်ပါ၀င်ခဲ့ပြီး လေ့လာသူတွေက ပါ၀င်စမ်းသပ်ခံသူတွေကို နှာခေါင်းမှတဆင့် အအေးမိဗိုင်းရပ်စ် တုပ်ကွေး ကူးစက်စေကာ ခန္ဓာကိုယ်ရှိ ခုခံအားစနစ်ရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်ခဲ့ကြရာ စိတ်ပျော်ရွှင်မှုမရှိသူ သုံးယောက်မှာ တစ်ယောက်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ခြင်း မရှိတာကြောင့် အအေးမိေ၀ဒနာကို ခံစားရပြီး ပျော်ပျော်နေတတ်သူတွေက ငါးယောက်မှာ တစ်ယောက်ကသာ အအေးမိေ၀ဒနာကို ခံစားရတာကိုတွေ့ရပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျှော့ချပြီး ဘ၀ကိုပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းသွားဖို့တိုက်တွန်းလိုက်ပါရစေ။
Dr. Htet Htet Aung















