စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်နေသလား
စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်နိုင်သလို ခေါင်းကိုက်တာကြောင့်လည်း စိတ်ဖိစီးစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းမကိုက်အောင်တော့ စိတ်ဖိစီးမှုတွေ လျှော့ချဖို့ လိုပါတယ်။
မနက်အိပ်ရာထတာက နောက်ကျ၊ အိမ်သော့က ရှာမတွေ့၊ အစည်းအဝေးအတွက်ကလည်း ဘာမှမပြင်ရသေးနဲ့ ဒီလိုအခြေအနေတွေမှာ ခေါင်းကိုက်တာ မဆန်းပါဘူး။ စိတ်ဖိစီးမှုတွေ ရှိလာရင်တော့ ခေါင်းက ကိုက်လာတာပါပဲ။
စိတ်ဖိစီးမှုတွေကတော့ နေ့စဉ်ဘဝမှာ အကြောင်းအမျိုးမျိုးနဲ့ တွေ့နေရမှာပါပဲ။ ဒီလိုနေ့စဉ်ဘဝရဲ့ ဖိစီးမှုတွေကြောင့် ကြွက်သားတွေကို တင်းစေတယ်၊ အံတွေ ကြိတ်စေတယ်၊ ပခုံးတွေ တောင့်တင်းပြီးတော့ ခေါင်းကို ကိုက်စေပါတယ်။
ဒီလို နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကိုတော့ ရှောင်ဖို့မလွယ်ပါဘူး။ ဒီတော့ ဖိစီးမှုတွေကို ပြေလျော့စေနိုင်တဲ့နည်းလမ်းတွေကိုရှာဖို့ အရေးကြီးပါတယ်။
စိတ်ဖိစီးမှုတွေအတွက် Relaxation Techniques ဆိုတာ ရှိပါတယ်။ ဒါတွေက စိတ်ဖိစီးမှုကို ပြေလျော့ပြီးတော့ ခေါင်းကိုက် သက်သာစေမှာပါ။ စိတ်ပျော်စရာလေးတွေဖြစ်တဲ့ သီချင်းနားထောင်တာ၊ ကတာ၊ အားကစား တစ်ခုခုကစားတာ၊ စာဖတ်တာ၊ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားတာမျိုးလေးတွေ လုပ်ပေးပါ။
ဒါ့အပြင် စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို ၁၀ မိနစ်လောက် အချိန်ပေးပြီး လုပ်ပေးပါ။
♦ တရားထိုင်ခြင်း
♦ ယောဂကျင့်ခြင်း
♦ ထိုက်ချိကစားခြင်း
♦ အသက်ရှူလေ့ကျင့်ခန်း စတာလေးတွေကို အချိန်ပေးပြီး လုပ်ပေးပါ။
Bio Adult 1

>> နေ့စဉ်စိတ်ဖိစီးမှုတွေအတွက် ဒီအချက်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားပေးပါ။
● ဘဝကို ရိုးရှင်းစွာဖြတ်သန်းပါ - နေ့တိုင်း အိမ်အလုပ်တွေ လုပ်စရာတွေ တစ်ပုံကြီးကို ညှစ်ထုတ်ပြီးတော့ လုပ်နေမယ့်အစား တချို့ဟာလေးတွေကို ထားခဲ့ပါ။ ဘာတွေကို အရင်လုပ်ဖို့လိုပြီး ဘာတွေထားထားလို့ရသေးလဲဆိုတာကို သေချာစဉ်းစားပြီးတော့လုပ်ပါ။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ - လေ့ကျင့်ခန်းဆိုတာကတော့ ကာကွယ်တဲ့နည်းလမ်းဖြစ်သလို တစ်ခါတလေဆို ခေါင်းကိုက်တာကိုတောင်မှ ကုသနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာ နေ့စဉ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကနေပြီးတော့ ခဏတာ အနားရစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းလေး လုပ်ဖို့တော့ သတိထားပါ။ ရုတ်တရက်ကြီး အပြင်းအထန် လုပ်လိုက်တာကလည်း ခေါင်းကိုက်စေပါတယ်။
● ကျန်းမာရေးနဲ့ ညီအောင်စားပါ - သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ပေါင်မုန့်ညို၊ ဆန်လုံးညို စတာတွေ စားပေးပါ။
● အိပ်ရေးဝဝအိပ်ပါ - စိတ်ဖိစီးမှုတွေကြောင့် အိပ်ရေးပျက်စေသလို အိပ်ရေးပျက်တဲ့အခါမှာလည်း စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ အိပ်ရေးပျက်တဲ့အခါမှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုထွက်စေပါတယ်။
● ကိုယ်ခံစားနေရတာတွေ ရင်ဖွင့်တိုင်ပင်ပါ - ကိုယ်ခံစားနေရတာတွေ၊ အခက်အခဲတွေကို ယုံကြည်ရတဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေကိုဖွင့်ဟပြောဆိုတာကလည်း စိတ်သက်သာရာရစေပါတယ်။
● အချိန်ကို အကျိုးရှိစွာ အသုံးချပါ - ကိုယ့်ရဲ့ နေစဉ်လုပ်ရမယ့်အလုပ်တွေကို သေချာချရေးထားပြီးတော့ လိုအပ်ရင် တခြားသူတွေကို တာဝန်ခွဲပေးပါ။ တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီး စုပုံမလုပ်ဘဲ တစ်ချိန်ကို အလုပ်တစ်မျိုးပဲ လုပ်ပါ။
● ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေကို စိတ်ပူမနေဘဲ လွှတ်ချလိုက်ပါ။ ကိုယ့်ရဲ့စိတ်နေစိတ်ထား ခံယူချက်ကို ညှိပါ။ ဒါတော့ မလုပ်နိုင်လောက်ဘူးလို့ပဲ တွေးပြီး စိတ်ပူနေရင် ဒါမျိုးမတွေးပါနဲ့။ ဒါက ခက်ရင်ခက်လိမ့်မယ် ငါ လုပ်နိုင်ပါတယ်ဆိုတဲ့ အကောင်းမြင်တဲ့ အတွေးလေးတွေးပါ။ ဒါက စိတ်ဖိစီးမှုတွေကို လျော့စေနိုင်ပါတယ်။
● အနားယူပါ - အရမ်း အလုပ်တွေပိပြီး ပင်ပန်းနေတယ်ထင်ရင် စိတ်ကိုရှင်းသွားစေဖို့အတွက် ခဏအနားယူလိုက်ပါ။ အကြောလေး လျှော့လိုက်တာ၊ လမ်းလေး ထလျှောက်လိုက်တာမျိုးလေး လုပ်ပေးပါ။ ကိုယ့်ကိုယ်ကို စိတ်ငြိမ်ပြီး အေးချမ်းတဲ့နေရာလေးမှာ အားလပ်ရက် အပန်းဖြေရောက်နေတယ်လို့ သဘောထားလိုက်ပါ။
● ရယ်မောပါ - ရယ်မောခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပါ။ ရယ်လိုက်တဲ့အခါမှာ endorphins လို့ခေါ်တဲ့ ပျော်ရွှင်မှုကို ခံစားရစေတဲ့ ဟော်မုန်းတွေကို ထွက်လာစေပါတယ်။ ဟာသစာအုပ်ဖတ်တာ၊ ဟာသကားကြည့်တာလေးတွေ လုပ်ကြည့်ပါ။
● မကောင်းတဲ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ။ ဆေးလိပ်ဖြတ်ပါ။ ကော်ဖီ လျှော့ပါ။ အရက်သောက်တတ်ရင် အလွန်အကျွံ မသောက်ပါနဲ့။
Bio Adult 2

>> ဘယ်အချိန်မှာ စိတ်ဖိစီးမှုပိုဆိုးလဲဆိုတာကို ရှာကြည့်ပါ။
ခေါင်းကိုက်တာအများစုကတော့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့လည်း ခေါင်းကိုက်ပြီးတော့ နေ့စဉ်လုပ်နေကျတွေ မလုပ်နိုင်တော့ဘူး၊ အလုပ်မှာ ကိုယ့်ရဲ့ဘဝမှာ အနှောင့်အယှက်ဖြစ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး ကုသဖို့လိုပါပြီ။
>> ခေါင်းကိုက်ပြီး ဒီလိုတွေဖြစ်လာရင်တော့ အရေးပေါ်ကုသမှု ခံယူပါ။
♦ ခေါင်း ရုတ်တရက်ကြီးကိုက်ပြီး အရမ်းပြင်းထန်ရင်
♦ ခေါင်းကိုက်တာနဲ့အတူ ကိုယ်ပူ၊ လည်ပင်းတောင့်၊ အစက်အပြောက်တွေထွက်၊ တက်၊ စိတ်တွေ ရှုပ်ထွေး၊ နှစ်ထပ်တွေမြင်၊ ထုံကျဉ်၊ စကားပြောရ ခက်တာတွေ ဖြစ်လာရင်
♦ ခေါင်းကို ထိခိုက်ဒဏ်ရာရပြီးနောက်၊ ပြုတ်ကျ၊ အဖုထွက်ပြီးမှ ခေါင်းကိုက်လာရင်
♦ အနားယူပြီး ဆေးသောက်ပေမယ့် မသက်သာဘဲ ပိုဆိုးလာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















