စိတ်ဖိစီးမှုဟာ ဦးနှောက်ကို ရှုံ့တွစေပါတယ်
တစ်ခုခုအတွက် အမြဲစိတ်ပူနေတတ်သူလား?
အမြဲတမ်း ပူပန်သောကတွေနဲ့ နပန်းလုံးနေရသူလား?
ဒါဆိုရင်တော့ သင့်ရဲ့ဦးနှောက်ဟာ အများနည်းတူ ပုံမှန်အခြေအနေတစ်ခုအဖြစ် ဆက်လက်ရပ်တည်ဖို့ သိပ်မသေချာပါဘူး။
လူပေါင်း ၁၀၃ ယောက်ကို ပြုလုပ်ခဲ့တဲ့သုတေသနမှာ စိတ်ဖိစီးမှုတွေနဲ့ လတ်တလောကြုံနေရသူတွေ အရင်ကတည်းက ဖိစီးစိတ်ညစ်မှုတွေရှိလာသူတွေရဲ့ ဦးနှောက်ကို သံလိုက်ဓာတ်မှန်ရိုက်ပြီး စမ်းသပ်ခဲ့ပါတယ်။ အဲဒီမှာ အံ့အားသင့်စရာက စိတ်ဖိစီးမှု ပိုများများခံရလေ ကော်တီကယ်ဦးနှောက်နေရာတွေ သေးကွေးသွားလေပါပဲတဲ့။
စိတ်ဖိစီးမှု သက်ရောက်နေတဲ့ ဦးနှောက်နေရာ သုံးနေရာ ရှိပါတယ်။
1. လတ်တလော စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါ အလယ်ပိုင်းနဲ့ ညာဘက်ပိုင်းတွေ ကျုံ့လာပါတယ်။
2. ဘဝနဲ့ရင်းပြီး ကြုံရတဲ့ကြီးမားတဲ့ ဘဝထိုးနှက်မှုတွေကို ကြုံရသူတွေကျတော့ အလယ်ပိုင်းနဲ့ ရှေ့ဘက်က ပိုမိုကျုံ့ဝင်ပါတယ်။
3. စိတ်ဖီစီးမှုတွေ ခဏခဏကြုံနေရသူကျတော့ အော်ဘစ်တိုဖရန်တယ်ကောတက်စ်ဧရိယာ အင်နူလာနဲ့ ချင်ဂူလိတ်ဧရိယာတွေမှာ ရှုံ့တွပြီး သေးကွေးလာပါတယ်။
သေးနေတဲ့ ရှုံနေတဲ့ ဦးနှောက်ကော်တီကယ်အပိုင်းဟာ -
● အကြောင်းပြခြင်း
● ဆုံးဖြတ်ချက်ချခြင်း
● စိတ်အတက်အကျ
● မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းတွေနဲ့ ဆက်စပ်နေပါတယ်။
ဒါပေမဲ့ ဦးနှောက်ရှုံ့တွလာတိုင်း ဒီလုပ်ငန်းတွေ အားနည်းလာလိမ့်မယ်လို့ ထထစ်ချ တွက်လို့မရပြန်ပါဘူး။ သို့ပေမယ့် သေးကွေးသွားတဲ့ ဦးနှောက်က ရေရှည်ကောင်းကျိုးလည်း ပေးဖို့ မဖြစ်နိုင်ပါဘူး။
>> စိတ်ဖိစီးတယ်ဆိုတဲ့ နေရာမှာ -
● မိသားစုဝင် ဆုံးရှုံးရသူတွေ
● ကင်ဆာနဲ့ နာတာရှည်ရောဂါသည်တွေ
● လယ်ကွင်းထဲမှာ အလုပ်လုပ်ရသူတွေ
● ယာဉ်မောင်းတွေ
● အိမ်ထောင့်တာဝန်ပိနေတဲ့ မိခင်တွေမှာ စိတ်ဖိစီးမှု အလွန်များနေတာ တွေ့ခဲ့ကြပါတယ်။
>> စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့နည်းလမ်းလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
● မရှိမဖြစ်လို့ မှတ်ယူထားတဲ့အရာတွေကို လွှတ်ချလိုက်ပါ။
● ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး သိမှုမှတ်ဉာဏ် ပြန်တည်ဆောက်လိုက်တဲ့အခါ အရာအားလုံးကို အရှိအတိုင်း မြင်လာမှာပါ။
● မနက်တိုင်းထပြီး ခပ်သွက်သွက်လေး ပြေးလိုက်တာဟာ ကျန်းမာရေး ကောင်းစေတယ်။ ညကို ကောင်းကောင်း အိပ်ပျော်စေပါတယ်။
● စာအုပ်တွေ များများဖတ်ပါ။
● ဘာသာရေးလုပ်ဖို့ အချိန်ပေးပါ။
● ပရဟိတအသင်းတွေမှာ ပါ၀င်ဆောင်ရွက်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















