စိ်တ်ဖိအားလွန်ရောဂါအကြောင်း သိကောင်းစရာ
ကျောထောက်နောက်ခံ ရောဂါတစ်ခုမှမရှိပါဘဲ ရုတ်တရက် ပျော့ခွေသွားတာတွေ၊ တစ်ကိုယ်လုံး နတ်ဝင်သလို လှုပ်ခါလာတာတွေကို အရပ်ထဲမှာ မြင်ဖူးကြမလားမသိ။ ရောဂါစစ်ကြည့်တော့လည်း အကောင်း၊ ဒါပေမဲ့ သတင်းဆိုး တစ်ခုခု ကြားတဲ့အခါ၊ ကားတိုက်တာ မြင်ရတဲ့အခါ၊ တစ်ခုခု လန့်စရာကြုံတဲ့အခါ ရုတ်တရက် လဲကျပျော့ခွေသွားတာ မူးလဲတာတွေ ကြုံရလေ့ရှိပါတယ်။
စိတ်ပညာရှင်တွေကတော့ ဒီလိုမျိုးဖြစ်တာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာတာ ခံစားနာကျင်ရတာ သိပ်များလို့ဖြစ်တဲ့ ဦးနှောက်တုံ့ပြန်မှုဖြစ်စဉ်လို့ သုံးသပ်ကြပါတယ်။
● စိတ်ဖိစီးမှု အကြီးအကျယ် ကြုံရတဲ့အခါ
● မိသားစုဝင်တွေ ဆုံးပါးသွားတဲ့အခါ
● ဦးနှောက်အာရုံကြောတွေကို ထိခိုက်စေတဲ့အဖြစ်အပျက် တစ်ခုခုကြောင့် ဖြစ်စေပါတယ်။
>> ရုတ်တရက် စိတ်အကြီးအကျယ် ထိခိုက်စရာကြုံတဲ့အခါ
● အကြောတွေ ပျော့သွားမယ်
● လက်တွေ၊ ခြေတွေ ကပ်သွားတာ
● တက်တာ
● သတိလစ်သွားတာ
● ရင်ထဲမှာ ဆို့နေတာ
● စကားတွေ ထစ်လာတာ
● အမြင်တွေဝေဝါးလာတာ
● အကြားအာရုံ ချို့တဲ့တာ
● ထုံကျဉ် ကိုက်ခဲလာတာတွေ ဖြစ်ပေါ်ခံစားရလေ့ ရှိပါတယ်။
>> Conversion disorder လို့ခေါ်တဲ့ ဒီလိုရောဂါကို ဘယ်လိုရောဂါရှာ အဖြေထုတ်ကြသလဲ?
● ခန္ဓာကိုယ်ကို မချုပ်ထိန်းနိုင်တာ
● စိတ်ထိခိုက်စရာကြုံမှ အခုနကလို အဖြစ်အပျက်တွေ ဖြစ်လာတာ
● လူတစေ်ယာက်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်လာတာ
● အောက်ခံရောဂါ ထွေထွေထူးထူးတွေမရှိတာ
အဲဒီလို မကြာခဏဖြစ်တဲ့အခါ ဦးခေါင်းဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ ဦးနှောက်လှိုင်း စမ်းသပ်ဓာတ်မှန်နဲ့ တစ်ကိုယ်လုံး စမ်းသပ်စစ်ဆေးတာတွေ ပြုလုပ်ပြီး အဖြေရှာရပါတယ်။
ကုသဖို့ကတော့ စိတ်အတွင်းကဖြစ်တာမို့ စိတ်ပိုင်းဆိုင်ရာကို အဓိကထားပြီး ကုသမှုပေးရပါတယ်။ အောက်ပါနည်းလမ်းလေးတွေက ရိုးရှင်းသလောက် အလုပ်ဖြစ်ပါတယ်။
● စိတ်ကျရောဂါကို ကုသတာ
● ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာ
● တရားထိုင်တာ၊ ယောဂကျင့်တာ
● လေ့ကျင့်ခန်းတစ်ခုခု စွဲလုပ်စေတာ
● အလုပ်နဲ့ပတ်သက်ပြီး ညှိနှိုင်းပေးတာ
● သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ အဆက်အသွယ် မပြတ်ရှိတာတွေ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















