စောင်ထူထူလေး ခြုံအိပ်ကြမယ်
ဆောင်းတွင်းမှာ ထူထူထဲထဲ နွေးနွေးထွေးထွေး ဖြစ်စေဖို့ ခြုံခဲ့ကြတဲ့ ဂွမ်းကပ်စောင်လေးတွေ ကတ္တီပါစောင်တွေဟာ သားသားမီးမီးတွေ လူကြီးတွေကို စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်ဖို့ ဘယ်လောက်ထိ အကူအညီပေးတယ်ဆိုတာ တင်ပြချင်ပါတယ်။ မိုးတွင်းလည်း ကျန်သေးတာမို့ မိုးအေးအေးမှာ စောင်ထူထူ လေးလေးပင်ပင်လေး ကိုယ်မှာပတ်ပြီး ကွေးလို့ရအောင်ပါ။
==========================================================
ဖြိုးလေးဟာ အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တဲ့ အဆစ်အမြစ်ကိုက်ရောဂါကို ခံစားနေရပါတယ်။ သူ့မေမေက သူ့ကို ကတ္တီပါစောင်ထူထူလေးနဲ့ ထွေးပေးလိုက်တဲ့အခါမှ နွေးထွေးအိပ်ပျော်သွားလေ့ ရှိပါတယ်။ စောင်ထူထူလေးဟာ သူ့ကိုယ်က ခြေထောက်က တောင့်တင်းနာကျင်တာတွေကို အထိုက်အလျောက် သက်သာသွားစေပြီး နွေးထွေးလေးပင်တဲ့ခံစားချက် ရရှိစေတာကြောင့် အေးချမ်းစွာ အိပ်ပျော်သွားတာ ဖြစ်ပါတယ်။
==========================================================
မေရီလေးဟာ အရိုးတွေ ကြီးထွားမှု မူမမှန်တဲ့ရောဂါဆန်းတစ်မျိုး ခံစားနေရပါတယ်။ သူ့အဒေါ်က သူ့ကို သိပ်တဲ့အခါ ဂွမ်းကပ် စောင်ထူထူလေးနဲ့ ပိုက်ထွေးပြီး အမြဲအိပ်ပျော်အောင် လုပ်ပေးရပါသတဲ့။ သူကလေးဟာ အဲဒီကျမှ အရိုးနာကျင်တာတွေ သက်သာပြီး လုံခြုံစိတ်ချရတဲ့ ခံစားချက်ရလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါတော့တယ်။
==========================================================
လေးပင်တဲ့ စောင်ထူထူတွေဟာ ကိုက်ခဲနာကျင်မှုတွေကို အတိုင်းအတာတစ်ခုထိ လျော့ပါးသက်သာစေပြီး စိတ်လုံခြုံမှု ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ လူတွေ အိပ်ပျော်နေစဉ်မှာ စောင်ထူထူနဲ့ထွေးပြီး ခြုံထားတာဟာ ကော်တီဆုန်းဟော်မုန်းပမာဏကို ထိန်းညှိပေးခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို သက်သာစေနိုင်ပါတယ်လို့ အမေရိကန် Alternative and Complementary Medicine ဂျာနယ်က လေ့လာစမ်းသပ်ချက် သုတေသနတခုမှာ ဆိုထားပါတယ်။
>> ဘယ်လိုလူတွေ စောင်လေးလေးထူထူတွေ သုံးသင့်သလဲ?
● ကိုယ်ခံအား ဖောက်ပြန်တဲ့ ရောဂါခံစားနေရသူတွေ
● စိတ်ပင်ပန်းဖိစီးနေသူတွေ
● အဆစ်အမြစ်ရောင်ရောဂါရှိသူတွေ
ဒီလို လူတွေအနေနဲ့ လေးပင်တဲ့စောင်တွေကို ခြုံအိပ်သင့်ပါတယ်။ လေးပင်တဲ့ စောင်အထူတွေ အထဲမှာ ဂွမ်းခံထားတဲ့ တစ်ခုခုခံပြီး ဖောင်းထားလေးထားတဲ့ စောင်အထူတွေဟာ ခြုံမယ့်သူရဲ့ ကိုယ်အလေးချိန်ရဲ့ 10% ခန့်ထိ လေးလို့ရပါတယ်တဲ့။
ဒါပေမဲ့ တစ်နှစ်အောက် ကလေးငယ်တွေကိုတော့ စောင် သိပ်ထူပြီး လေးတာတွေ မခြုံပေးသင့်ပါ။ သူတို့လေးတွေ အိပ်နေစဉ် ပေါ့ပေါ့လေးနဲ့ နွေးမယ့် ခြုံထည်လေးတွေသာ သုံးစေချင်ပါတယ်။
● အပူကြီးနေသူ၊ ဖျားနေသူ
● ရင်ကြပ်ပန်းနာရှိသူ
● အသက်ရှူလမ်းကြောင်းရောဂါ ရှိသူတွေမှာတော့
သိပ်ထူပြီး လေးတဲ့စောင်တွေ မခြုံပေးသင့်ပါဘူးတဲ့။
ဒီတော့ မိုးရာသီမှာ စောင်ထူထူ လေးလေးပင်ပင်လေး ကိုယ်မှာပတ်ပြီး ကွေးလို့ မိုးအေးအေးနဲ့ အေးဆေးသက်သာ အနားယူကြပါစို့နော်။
ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)















