စ်ိတ်ဖိစီးမှု များတဲ့အခါ မှတ်ဉာဏ် ဆုံးရှုံးစေတတ်ပါတယ်
ဦးနှောက်က တကယ်တော့ အမြဲဆာလောင်နေတဲ့အဂါၤပါတဲ့။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဆိုတဲ့စကားက တကယ်တော့ ဦးနှောက်အတွက် ဓာတ်စာဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ ချမ်းမြေ့ရွှင်လန်းပါမှ မှတ်ဉာဏ်နဲ့ တခြားမြင့်မားတဲ့လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မကြာခဏ ရန်ဖြစ်နေရတာတွေ အမြဲစိတ်လှုပ်ရှား ဒေါသထွက်ရတာတွေ ကြုံရသူတွေမှာ သွေးထဲမှာ ကော်တီဆောပမာဏ ထောင်တက်လာပါတယ်။ များပြားလာတဲ့ ကော်တီဆောပမာဏဟာ ခန္ဓာကိုယ်ကို တက်ကြွလာစေပါတယ်။ ဒါပေမဲ့ အမြဲတက်ကြွခြင်းဆိုတာလည်း ဖိစီးမှုပါပဲတဲ့။ အနားမရတဲ့ဦးနှောက်ဟာ ရေရှည်မှာ စိတ်ကျရောဂါနဲ့ သောကတွေ မွေးဖွားလာပြီး -
● နှလုံးရောဂါ
● ခေါင်းကိုက်ရောဂါ
● ကိုယ်အလေးချိန် တိုးလာတာ
● အိပ်မပျော်တာ
● အာရုံစူးစိုက်ရ ခက်ခဲတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
မှတ်ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ အရိုးရှင်းဆုံးကနေ စတင်ပါ။ လူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်စွမ်း ကိုယ်ရည်ကိုယ်သွေးတွေဟာ ထက်မြက်တဲ့ ထိုးထွင်းသိမြင် မှတ်ဉာဏ်ပေါ်မှာ မူတည်နေပါတယ်။ ရှစ်နှစ်ကြာ စမ်းသပ်ခဲ့တဲ့ သုတေသနမှာ အခုနက တက်ကြွလွန် စိတ်ဖိစီးတာတွေ ခံစားရပြီး သွေးတွင်းကော်တီဇော အမြင့်ဆုံးလူတွေမှာ မှတ်ဉာဏ်ချို့ယွင်းလာတာကို တွေ့ခဲ့ကြပါတယ်။
ဒီနေရာမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ သိသိသာ သေးကျုံ့သွားတာကလည်း အပေါ်မှာပြောခဲ့တဲ့ ဦးနှောက်ချို့ယွင်းမှုတွေ လုပ်ဆောင်ရည်စွမ်းအင် ကျဆင်းလာတာတွေရဲ့ မူလဇစ်မြစ် ဖြစ်နေတတ်ပါတယ်။
စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဆောပမာဏကြောင့် ကိုရိုနာဦးနှောက်နဲ့ ကောပတ်စ်ကေလိုဆမ်လို့ခေါ်တဲ့ ဦးနှောက်နှစ်ခြမ်းမှာ ပျက်စီးချွတ်ယွင်းချက်တွေ ဖြစ်လာပါတယ်။ အတွေးအခေါ် စိတ်လှုပ်ရှားမှု စကားပြောနဲ့ ကြွက်သားလှုပ်ရှားမှုတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းဟာ သေးကျုံ့နေတာကို တွေ့ရှိခဲ့ရပါတယ်။
အသက်သိပ်ကြီးမလာခင် ငယ်ငယ်ရွယ်ရွယ် ကတည်းက စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် လေ့လာခဲ့မယ်ဆိုရင် ဉာဏ်ရည်လျော့နည်းမှုကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေ အလုပ်ခွင်က မန်နေဂျာတွေ၊ အလုပ်သမားတွေ စိတ်ဖိစီးမှုကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ဖို့ သင်တန်းပေးဖို့ လိုအပ်နေပါတယ်။
အေးဆေးတည်ငြိမ်ပြီး အတက်အကျနည်းတဲ့စိတ်ကို ပိုင်ဆိုင်တဲ့ဦးနှောက်ဟာ ဖိစီးမှု သောကစိုးရိမ်မှုတွေနဲ့ အသက်ရှူနေရတဲ့ ဦးနှောက်ထက်တော့ ပိုမိုနုပျိုထက်မြက်နေမှာ အသေအချာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















