ဆပ်ပြာ၊ ဆပ်ပြာရည် မတော်တဆ အဆိပ်သင့်ခြင်း
ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ အိမ်သုံးဆပ်ပြာဆီတွေ အပါအဝင် အိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့် အဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အဆိပ်ရှိတဲ့ပစ္စည်းတွေကို မျိုချမိရင် (သို့) ရှူရှိုက်မိရင် အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။
>> ဘာလက္ခဏာတွေ တွေ့ရမလဲ?
ဆပ်ပြာ အဆိပ်သင့်တဲ့ လက္ခဏာတွေက -
♦ ထုတ်ကုန်အမျိုးအစား
♦ ဘယ်လောက် မျိုချမိသလဲ ဆိုတာနဲ့ ဘယ်လောက် ထိတွေ့မိသလဲဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပါသေးတယ်။
အောက်ပါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
● မျက်လုံးထဲကို ဝင်တာဆိုရင် ဓာတုပစ္စည်းတွေကြောင့် မျက်လုံး လောင်သွားနို်င်တဲ့အတွက် အမြင်အာရုံ ဆုံးရှုံးတာ၊ တစ်ခုခုကို စူးစိုက်ကြည့်ဖို့ခက်တာတွေ ဖြစ်တတ်ပါတယ်။
● အရေပြားနဲ့ ထိတွေ့မိရင် အရေပြား ထိခိုက်ပြီးတော့ အပေါက်လေးတွေ ပေါက်သွားတာ အရေပြားအပေါ်ယံလွှာ လောင်တာတွေ ဖြစ်နိုင်ပါတယ်။
● အငွေ့တွေ၊ အရည်တွေ ရှူရှိုက်မိရင်တော့ အသက်ရှူရခက်တာ၊ လည်ချောင်း ရောင်တာတွေ ဖြစ်နိုင်ပါတယ်။ အသက်ရှူခက်တာ၊ မျိုချရခက်တာတွေက အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
>> အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာများ
ပြင်းထန်တဲ့ဓာတုပစ္စည်းတွေပါတဲ့ ဆပ်ပြာတွေကို မျိုချမိပြီဆိုရင် လည်ချောင်းရောင်ပြီး နာတာ၊ နှုတ်ခမ်းနဲ့လျှာတွေ ရောင်လာတာ၊ နာလာတာတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ခဏခဏအန်တာ၊ သွေးအန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းထဲမှာ သွေးပါတာ စတဲ့ လက္ခဏာတွေလည်း ကြုံရနိုင်ပါတယ်။ မျိုချမိတဲ့ ဆပ်ပြာအမျိုးအစားအပေါ် မူတည်ပြိီးတော့ အစာပြွန်လောင်သွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
>> အခြားလက္ခဏာများ
သွေးပေါင်တွေ ကျသွားတာ၊ နှလုံးခုန်နှုန်း မြန်မြန်ကြီး ကျသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့် နှလုံး အလုပ်မလုပ်နိုင်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါတွေက အိမ်သုံးဆပ်ပြာတွေနဲ့ ထိတွေ့မှုဖြစ်တိုင်းတော့ ဖြစ်တာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ သန့်ရှင်းရေးပစ္စည်းတွေကြောင့်သာ ဖြစ်တာပါ။
>> ဆပ်ပြာရည် အဆိပ်သင့်ခြင်းက ဘာတွေကြောင့် ဖြစ်စေနိုင်သလဲ?
အိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေ၊ ဆပ်ပြာတွေနဲ့ ကြာရှည်စွာ ထိတွေ့မှုကြောင့် အဆိပ်သင့်နိုင်ပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့တွေက ကိုယ်သုံးနေတဲ့ပစ္စည်းတွေရဲ့ ပြင်းထန်မှုတွေကို သေချာမသိတဲ့အတွက်ကြောင့် သန့်ရှင်းရေး လုပ်တဲ့အချိန်မှာ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ၊ တံခါးတွေ ဖွင့်ထားတာမျိုးမရှိလို့ ရှူရှိုက်မိတာမျိုးတွေ ရှိပါတယ်။ ကလေးတွေကတော့ ဆပ်ပြာအဆိပ်သင့်တာ ဖြစ်နိုင်ခြေ များပါတယ်။ ကလေးကို စောင့်မကြည့်ဘဲ ထားတဲ့အခါမှာ မတော်တဆ မျိုချမိတာ၊ အငွေ့တွေ၊ အရည်တွေကို ရှူမိတာတွေ အဖြစ်များပါတယ်။
>> ဆပ်ပြာရည် အဆိပ်သင့်ရင် ဘာလုပ်ပေးမလဲ?
နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနကို ချက်ချင်းသွားပါ။ ဆရာဝန် ညွှန်ကြားချက်မရှိဘဲနဲ့ အတင်းအန်အောင်လုပ်တာမျိုးတွေ မလုပ်ပါနဲ့။ ဆရာဝန်ဆီ သွားတဲ့အခါမှာ ဆပ်ပြာဘူး၊ ဆပ်ပြာခွံကို ယူသွားပြီးတော့ ပြတာက ဆပ်ပြာအမျိုးအစားကို သိစေနိုင်တဲ့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
>> ကုထုံးများ
ဘယ်လိုအဆိပ်သင့်မှု ဖြစ်သွားတာလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ကုထုံးတွေလည်း မတူပါဘူး။ ဆေးရုံ၊ ဆေးခန်း ရောက်ပြီဆိုရင် အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့လက္ခဏာတွေဖြစ်တဲ့ သွေးခုန်နှုန်း၊ အပူချိန်၊ သွေးပေါင်၊ အသက်ရှူ/မရှူ စတာတွေကို အရင်ကြည့်ပါလိမ့်မယ်။
ပြီးရင် အောက်ပါကုသမှုတွေ ပေးပါလိမ့်မယ်။
● အောက်ဆီဂျင်
● အကိုက်အခဲပျောက်ဆေး
● အသက်ရှူပိုက်
● သွေးကြောထဲကို အရည်များသွင်းခြင်း (ပုလင်းကြီးချိတ်ခြင်း)
● လောင်နေသော အရေပြားတွေကို ရှင်းထုတ်ခြင်း
● အရေပြားကို ထပ်ခါထပ်ခါ ဆေးကြောပေးခြင်း
● လေပြွန်ထဲကို မှန်ပြောင်းကြည့်ခြင်း
● အစာအိမ်မှန်ပြောင်းကြည့်ခြင်း စတာတွေ လုပ်ပါလိမ့်မယ်။
ဒီအဆိပ်သင့်ခြင်းက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အတွက် ဦးနှောက်ထိခိုက်ခြင်း၊ တစ်သျှူးများသေခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
>> နောက်ဆက်တွဲ ဘာတွေဖြစ်လာနို်င်သလဲ?
ဒါကလည်း ဓာတုပစ္စည်း ဘယ်လောက်များများနဲ့ ထိတွေ့မှုဖြစ်သွားသလဲ၊ ကုသမှုကို ဘယ်လောက်မြန်မြန်ရလဲ ဆိုတာတွေအပေါ် မူတည်ပါတယ်။ ကုသမှု မြန်မြန်ရလေလေ ပြန်ကောင်းလာနိုင်ချေ များလေပါ။ အရေပြားကိုပဲ ထိတာဆိုရင် အပေါ်ယံပဲမို့လို့ လွယ်လွယ်နဲ့ ပြန်ကောင်းလာနိုင်ပါတယ်။ မျိုချမိတာ ဆိုရင်တော့ အတွင်းကလီစာတွေ ဘယ်လောက်ပျက်စီးသွားလည်း ဆိုတာအပေါ် မူတည်ပါတယ်။ အစာအိမ်နဲ့ အစာပြွန် ထိခိုက်မှုတွေက ဓာတုပစ္စည်းတွေ မျိုချမိပြီးလို့ အပတ် အတော်ကြာတဲ့အထိ ကြာနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















