/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆရာ၀န်-ညွှန်ကြားချက်အတိုင်း-အစာစားပြီးမှ-ဆေးသောက်ပါ

ဆရာ၀န် ညွှန်ကြားချက်အတိုင်း အစာစားပြီးမှ ဆေးသောက်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆရာဝန်တွေက မှာလေ့ရှိကြတယ်။ ဒီဆေးကို အစာနဲ့အတူ သောက်ပါ စသဖြင့်ပေါ့။ ဘာကြောင့် ဒီလိုကွာခြားရသလဲ တွေးမိကြသေးလား? သိပ်ခေါင်းခြောက်ခံ စဉ်းစားစရာ မလိုတော့ပါဘူးနော်။ အကြောင်းရင်း (၆) ချက်ကို အခုပဲ ဖတ်ကြည့်လိုက်ကြစို့။

 

၁။     ပျို့ချင် အန်ချင်တဲ့ နောက်ဆက်တွဲဆိုးကျိုး နည်းသွားအောင်

          ပျို့ချင် အန်ချင် ဖြစ်စေတတ်တဲ့ ဆေးတွေကို အစာစားပြီးမှ သောက်ပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် Allopurinol, bromocriptine, madopar စတဲ့ ဆေးတွေပေါ့။

 

၂။     အစာမကြေ၊ အစာအိမ်ရောင်၊ အစာအိမ်အနာစတဲ့ အစာအိမ်ကို ထိခိုက်မှုတွေ နည်းသွားအောင်

          တချို့ဆေးတွေက အစာအိမ်ကို ထိခိုက်စေတတ်ပါတယ်။ ဒါကို လျော့နည်းသွားအောင် အနည်းဆုံးတော့ ဘီစကစ်၊ နို့၊ ဆင်းဒ်ဝျစ်ချ်တွေနဲ့ သောက်ပေးပါ။ ဥပမာအားဖြင့် -

●        အက်စ်ပရင်

●        အိုင်ဗျူ ပရိုဖန်၊ ဒိုင်ကလိုဖန်းနက် စတဲ့ အကိုက်အခဲပျောက်ဆေးတွေ

●        ပရက်နီစလုံး၊ ဒက်ဆာ စတဲ့ စတီးရွိုက်ဆေးတွေပါ။

 

၃။     ရင်ပူ၊ အစာအိမ်အက်ဆစ် ဆန်တက်တာနဲ့ အစာမကြေတတ်တဲ့ပြဿနာတွေအတွက်

          အက်ဆစ်ဓာတ်ပြယ်စေတဲ့ အစာကြေဆေးတွေဟာ ရင်ပူတာ၊ အစာအိမ်အက်ဆစ်ဓာတ် ဆန်တက်တဲ့ရောဂါတွေနဲ့ အစာမကြေတာတွေကို သက်သာစေနိုင်တာမို့ အစာစားပြီးချိန် သောက်ပေးတာ အကောင်းဆုံးပေါ့။

 

၄။     အစာနဲ့အတူ ပါမသွားအောင်

          ပလုတ်ကျင်းရည်တွေ၊ မှိုပိုးသတ်ဆေးအရည်တွေ၊ ဂျယ်လ်တွေဟာ အစာနဲ့အတူ မျိုချလိုက်ရင် ပါမသွားအောင် အစာစားပြီးမှ သောက်ပေးသင့်ပါတယ်။

 

၅။     သွေးကြောထဲ ကောင်းကောင်း စုပ်ယူနိုင်အောင်

          တချို့ဆေးတွေက အစာအိမ်ထဲအစာရှိမှ အူကနေ ကောင်းကောင်း စုပ်ယူနိုင်ပါတယ်။ ဥပမာ  အိတ်ချ်အိုင်ဗွီဆေးတွေဖြစ်တဲ့ Ritonavir, saquinavir, nelfinavir စတဲ့ဆေးတွေပါ။

 

၆။     အစားအသောက်ကို ကောင်းကောင်း ပြုပြင်ပေးနိုင်အောင်

          ဆီးချိုဆေးတွေဟာ အစာစားပြီး သွေးအချိုဓာတ် ကျစေဖို့အတွက်ရော၊ အချိုဓာတ် အရမ်းကျသွားတာမျိုးကို ကာကွယ်နိုင်ဖို့အတွက်ရော အစာစားချိန်တစ်ဝိုက်မှာ သောက်ပေးဖို့ လိုပါတယ်။

          နာတာရှည် ပန်ကရိယ မုန့်ချိုအိတ် ရောင်ရမ်းသူတွေမှာသုံးတဲ့ အင်ဇိုင်းဆေးတွေဟာလည်း အစာနဲ့အတူသောက်မှ အစာကောင်းကောင်းချေနိုင်မှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)