ဆီးချိုမရှိဘဲ သွေးအချိုဓာတ် ကျတတ်လား
သတ်မှတ်ထားတဲ့ ပမာဏထက် သွေးအချိုဓာတ်ကျသွားတာဟာ အန္တရာယ်ရှိပါတယ်။ ဆီးချိုရှိတဲ့လူတွေမှာ ပိုဖြစ်တတ်တယ်ဆိုပေမယ့် တခြားလူတွေမှာလည်း ဖြစ်နိုင်တယ်။ ဒီဆောင်းပါးမှာတော့ ဆီးချိုမရှိဘဲ သွေးအချိုဓာတ် ကျနိုင်တဲ့ အခြေအနေတွေကို ဖော်ပြပေးသွားမယ်နော်။ ပြီးတော့ ဘယ်လိုကုသရမယ်၊ ဘယ်လိုအစားအသောက်တွေကို စားပေးသင့်တယ်ဆိုတာတွေကိုပါ ပြောပြပေးပါမယ်။
>> ဘယ်အချိန်မှာ သွေးအချိုဓာတ် ကျတယ်လု့ိပြောမလဲ?
၇၀mg/dl အောက် ကျသွားရင် သွေးအချိုဓာတ်ကျတယ်လို့ ခေါ်တယ်။ သွေးအချိုဓာတ် အရမ်းကျသွားရင် ချက်ချင်းကုသမှုခံရမယ်။ မဟုတ်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ အဓိကကုသမှုကတော့ သွေးအချိုဓာတ်ကို စိတ်ချရတဲ့အနေလောက် ရောက်အောင်ထားဖို့ပါပဲ။
ဆီးချိုမရှိဘဲ အချိုဓာတ်ကျရတဲ့ အကြောင်းရင်းတွေကတော့ -
ဆီးချိုမရှိတဲ့သူတွေမှာ အစာစားပြီးနောက် ကိုယ်ခန္ဓာ ကိုယ်နှိုက်က အင်ဆူလင်တွေ အများကြီးထုတ်လို့ အချိုဓာတ်ကျတာမျိုးလည်း ဖြစ်တတ်တယ်။ ဒါကို တန်ပြန်အချိုဓာတ်ကျတယ်လို့ ခေါ်တယ်။
ဒီလိုတန်ပြန်အချိုဓာတ်ကျတာဟာ ဆီးချိုရောဂါရဲ့ အစောပိုင်းလက္ခဏာတစ်ခုလည်း ဖြစ်တတ်ပါတယ်။
တခြားအကြောင်းရင်းတွေအနေနဲ့ -
၁။ အရက်အများကြီးသောက်ခြင်း
အရက်တွေ အရမ်းသောက်တဲ့အခါ အသညး်က ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးထဲကို အချိုဓာတ်တွေ မထုတ်လုပ်နိုင်ဘူး။ ဒါကြောင့် သွေးအချိုဓာတ်တွေ ကျသွားတတ်တယ်။
၂။ ဆေးဝါးများ
သူများဆီးချိုကျဆေး သွားသောက်ရင်လည်း သွေးအချိုဓာတ် ကျသွားနိုင်တယ်။
ဒါ့အပြင်
● ငှက်ဖျားဆေး
● ပိုးသတ်ဆေးတချို့
● အဆုတ်ရောင်ဆေးတချို့တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့လည်း ဖြစ်တတ်တယ်။
အထူးသဖြင့် ကလေးလေးတွေနဲ့ ကျောက်ကပ်ပျက်နေသူတွေမှာ ဆေးရဲ့ဆိုးကျိုးကို ပိုခံစားရတတ်တယ်။
၃။ မစားချင် မသောက်ချင်ဖြစ်ခြင်း
မစားမသောက်တဲ့အခါ ခန္ဓာကိုယ်ထဲ အချိုဓာတ် လုံလုံလောက်လောက် မရှိတာမျိုး ဖြစ်တတ်ပါတယ်။
၄။ အသည်းရောင်ခြင်း
အသည်းရောင်တဲ့အခါ အသည်းဆဲလ်တွေ သေချာအလုပ်မလုပ်နိုင်တေ့ာတာကြောင့် အချိုဓာတ် လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ဘဲ သွေးအချိုဓာတ် ကျသွားတတ်တယ်။
၅။ Adrenal သို့မဟုတ် Pituitary ဂလင်းရောဂါတွေ
ဒီဂလင်းတွေဟာ သွေးအချိုဓာတ် ထိန်းညှိပေးရာမှာ ပါတတ်တာကြောင့် သူတို့ရောဂါတစ်ခုခုဖြစ်ရင် သွေးအချိုဓာတ် ကျတတ်တယ်။
၆။ ကျောက်ကပ်ပြဿနာ
ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်မှာ ဆေးတွေ၊ စွန့်ပစ်အမှိုက်တွေကို စွန့်ပစ်ပေးတဲ့ အင်္ဂါတစ်ခုပါ။
ကျောက်ကပ်မကောင်းတဲ့ လူတစ်ယောက်မှာ သွေးထဲဆေးတွေ ရှိသင့်တာထက် များနေတတ်တယ်။ ဒီလိုပုံနေတာကြောင့် သွေးထဲ အချိုဓာတ် ကျသွားတတ်တယ်။
၇။ ပန်ကရိယ မုန့်ချိုအိတ်အကျိတ်
ဒီလိုအကျိတ်တွေဟာ ရှားတော့ရှားပေမယ့် ဖြစ်လာခဲ့ရင် အချိုဓာတ်ကို ကျသွားစေနိုင်တယ်။
ဒီလိုအကျိတ်တွေဟာ အင်ဆူလင်တွေ အများကြီးထုတ်တတ်လို့ အရမ်းများလာခဲ့ရင် သွေးအချိုဓာတ် ကျသွားတတ်တယ်။
ရောဂါလက္ခဏာတွေကတော့ -
● တုန်နေခြင်း
● မူးဝေခြင်း
● အာရုံမစူးစိုက်နိုင်ခြင်း
● အမြင်မစူးစိုက်နိုင်ခြင်း
● စိတ်တွေ ရှုပ်ထွေးနေခြင်း
● စိတ်ခံစားချက်တွေ မတည်ငြိမ်ခြင်း
● ဗိုက်ဆာနေခြင်း ဒီလိုလက္ခဏာတွေနဲ့ လာတတ်တယ်။
● ခေါင်းကိုက်တာ၊ သတိမေ့သွားတာမျိုးလည်း ဖြစ်တတ်တယ်။
ဒါပေမဲ့ မကြာမကြာ သွေးအချိုဓာတ် ကျတတ်တဲ့သူတစ်ယောက်မှာ အချိုဓာတ်ကျတဲ့ လက္ခဏာတွေ မပေါ်တော့တာမျိုး ဖြစ်တတ်တယ်။
>> သွေးအချိုဓာတ်ကျကြောင်း သိနိုင်ဖို့အတွက် -
ဆရာဝန်က ရောဂါလက္ခဏာတွေကို သေချာမေးမြန်းလိမ့်မယ်။ တကယ်လို့ အချိုဓာတ် ကျနေတယ်ထင်ခဲ့ရင် သွေးတွေ ဖောက်စစ်ပါလိမ့်မယ်။
သွေးအချိုဓာတ် ၇၀mg/dl ထက် ကျနေတယ်ဆိုရင် သွေးအချိုဓာတ် ကျနေတယ်လို့ ပြောလိုရတယ်။
ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် တခြားနည်းတွေနဲ့လည်း အကြောင်းရင်းကို ရှာဖွေဖို့ လိုပါတယ်။
>> ကုသနည်းလမ်းတွေကတော့ -
အကောင်းဆုံးက သွေးအချိုဓာတ်ကျစေတဲ့ အကြောင်းရင်းကို ရှာကုဖို့လိုတယ်။
လတ်တလောမှာတော့ သွေးအချိုဓာတ် ပုံမှန်ပြန်ဖြစ်ဖို့ အချိုတစ်ခုခု စားပေးဖို့လိုတယ်။
>> အကောင်းဆုံးနည်းကတော့ -
● ဂလု့ကိုစ်အချိုဓာတ် ၁၅ ဂရမ် စားလိုက်ပါ။
● ၁၅ မိနစ်လောက် စောင့်ပါ။
● သွေးအချိုဓာတ် ပြန်တိုင်းကြည့်ပါ။
● သွေးအချိုဓာတ် ကျတုန်းဆိုရင် ဒီအတိုင်း ပြန်ကုပါ။
>> ဂလု့ကိုစ်အချိုဓာတ် ရဖို့အတွက် -
● ဂလု့ကိုစ်ပြား သောက်တာ
● ဂလု့ကိုစ် ထိုးတာ
● အသီးဖျော်ရည် သောက်တာ
● ကစီဓာတ်စားတာမျိုး လုပ်လို့ရပါတယ်။
ဖြည်းဖြည်းချင်း အချိုဓာတ်တက်စေတဲ့ ကစီဓာတ်တွေ စားပေးတာက သွေးအချိုဓာတ်ကို ထိန်းပေးနိုင်တယ်။
>> ဆီးချိုမရှိဘဲ သွေးအချိုဓာတ် ကျနေရင် ဘာတွေစားပေးရမလဲ?
● တစ်နေ့ ၃ နပ် အများကြီးစားတာထက်စာရင် နည်းနည်းနည်းနည်းနဲ့ မှန်မှန်စားပေးပါ။
● ၃ နာရီခြား တစ်ခါလောက် စားပေးပါ။
● ပရိုတင်း၊ ကျနး်မာရေးညီညွတ်တဲ့အဆီ၊ အမျှင်ဓာတ်တွေကို မျှမျှတတစားပေးပါ။
● အချိုများတဲ့ အစားအသောက်တွေကို ရှောင်ပါ။
သွေးအချိုဓာတ်ကျတယ်လို့ ထင်တာနဲ့ တစ်ခုခုစားပေးတာက အချိုဓာတ် တအားမကျသွားအောင် ကာကွယ်ပေးနိုင်တယ်။
နောက်ဆုံးအနေနဲ့ ထပ်ပြောချင်တာက သွေးအချိုဓာတ်ကျတာကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးက ဖြစ်စေတဲ့အကြောင်းရင်းကို ကုဖို့ပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















