ဆီးချိုရောဂါရှိသူတွေ ဆရာဝန်မပြခင် ဘာတွေကြိုတင်လုပ်ဆောင်သွားသင့်သလဲ….
အခုခေတ်မှာသမားတော် / အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသရတာအချိန်ပေးရသလိုအခြေအနေအရ စောင့်လည်းစောင့်ရတတ်ပါတယ်။ ပြသချိန်လေးမှာ ကိုယ့်ဘက်ကနေကိုယ်ပြောချင်တာတွေလည်း မပြောလိုက်ရဖူးဆိုရင် အဆင်ပြေမယ်မဟုတ်ပါဘူး။ ဒီတော့အထူးကုနဲ့ ပြသချိန်လေးမှာကိုယ့်အခြေအနေကို ဆရာဝန်အနေနဲ့အပြည့်အဝနားလည်နိုင်အောင် ဘာတွေပြင်ဆင်သွားကြမလဲ……..
• တစ်ညလုံးအစားရှောင်ပြီး မနက်စောစော ဆီးချိုဖောက်ရမယ်လို့ ဆရာ၀န်ကမှာထားရင် ကိုယ်က အဆာခံပြီးသွားရမှာပါ။ တိတိကျကျလိုက်နာအဆာခံနေတုန်း မုန့်စားစရာ၊ သကြားလုံး၊ ချိုချဉ် အကုန်ဆောင်ထားပါ။ မတော်တဆမူးတာ၊ ရင်တုန်တာတွေဖြစ်ခဲ့ရင် အဆင့်သင့်ရှိအောင်လို့ဖြစ်ပါတယ်။
• ဆီးချိုစာအုပ်လေးဆောင်ပါ။ Notebookလေးပေါ့။ အိမ်မှာဖောက်ခဲ့သမျှကို ရေးမှတ်ထားပါ။ ဆရာ၀န်က လိုရင် ထုတ်ပြသပါ။ ကို်ယ်မှတ်ထားကြောင်းပြောပြပေးပါ။
• ဆီးချိုနဲ့မဆိုင်ဘူးလို့ကိုယ်ထင်တဲ့အရာတွေပါ ဆရာ့ကိုပြောပြရအောင် တပါတည်းရေးမှတ်ပါ။ ဥပမာဖျားထားတာ..မတော်တဆလဲကျတာတွေ...
Naturally Better 1

• ဆီးချိုကုတဲ့အခါ လူကိုစားသောက်နေမှုပြုပြင်ရတဲ့အပြင် လူမှုရေးပြသနာတွေကလည်း စိတ်ဖိအားတက်စေတဲ့အလျောက် ရောဂါတိုးစေပါတယ်။ ဒါကြောင့် လင်မယားကွဲတာ၊ မိသားစုဝင်ဆုံးပါးတာစတာတွေကိုပါ ပြောပြပါ။ မိမိစိတ်ဖိစီးနေတာကို သိရရင်အဲဒီအတွက် ဆီးချိုပိုမဆိုးရအောင်ဆရာဝန်က စိတ်ဖိစီးမှုလျှော့ချရေး တနည်းတဖုံအကူအညီပေးနိုင်ပါလိမ့််မယ်။
• လက်ရှိသောက်နေတဲ့ ဆေးတွေအကုန်ယူသွားပါ။ ကိုယ့်ဘာသာဝယ်သောက်နေတဲ့ဗီတာမင်အားဆေးတွေ အပြင် ကြားထဲမှာတခြားမှာ ပြတဲ့ဆေးနဲ့ စာအုပ်ပါမကျန််သယ်သွားပေးပါ။
• အိမ်ကနေအဖော်ခေါ်သွားပါ။ ကိုယ်ပြောဖို့မေ့နေတာလေးတွေ ကူပြောပေးနိုင်တာပေါ့။
Naturally Better 2

ပြနေတုန်းကို်ယ့်ရဲ့ ဆရာဝန်ဆရာမတွေကိုဘာတွေမေးရမလဲ……………
• အခုလက်ရှိရောဂါက ဆီးချိုဆိုတာသေချာလားထပ်ပြီးဘာစစ်ဆေးရဦးမလဲဆရာ
• ဆီးချိုဖြစ်နေပြီဆိုရင်ကျနော်၊ ကျမမှာ လက်ရှိ..စစ်ဆေးချက်တွေအရ ဘာနောက်ဆက်တွဲတွေဝင်နေပြီလဲ...ဘာတွေကိုကာကွယ်လို့ရလဲ..
• ဆီးချိုဖြစ်တဲ့အခါအရေးပေါ်အခြေအနေမျိုးရှိတတ်လား.. ဖြစ်ရင်ဘာလုပ်သင့်ပါသလဲ
• အခုဆေးတွေကဘာဆိုးကျိုးတွေပေးတတ်သလဲ.ဆရာ
• တခြားရောဂါတွေကတော့ ကျမမှာ..ဒါတွေဒါတွေရှိတယ်..ဆီးချိုထပ်ဖြစ်တော့ဘယ်လိုတွေ ရှေ့လျောက်ဖြစ်လာနိုင်လဲ သိပါရစေ..
• အစားအသောက်ထိန်းချုပ်စားသောက်ဖို့အတွက် စာရွက် သို့မဟုတ် ပညာပေးစာရွက်ရှိရင်ပေးပါနော် ဆရာ…
• တကယ်တော့ ဆီးချိုအတွက် ဝိတ်လျှော့ဖို့၊ ဆီးချိုထိန်းဖို့၊ စားသောက်နေထိုင်မှုပြုပြင်ဖို့ အဓိကကူညီပေးတဲ့စင်တာတွေရှိရင် လမ်းညွှန်ပေးပါဆရာ။ (အဲလိုနေရာတွေ စင်တာတွေရန်ကုန်နဲ့မန်းလေးမှာရှိပါတယ်။သွားတိုင်ပင်ရင် သိပ်အကျိုးရှိတာမို ့ဆရာဝန်ကိုမေးမြန်းစုံစမ်းပါ။ )
ဆီးချိုကြောင့်ဆရာဝန် ပြသတဲ့အခါတိုင်းကိုယ်ဖြစ်ချင်တာလေးတွေ ပြောဖို့မမေ့ဖို့အပြင် တကယ်အဓိကကျတဲ့အချက်တွေကိုကိုယ်ကလည်းအလေးထားမေးမြန်းပေးမှ ဆရာဝန်နဲ့လူနာပူးပေါင်းဆောင်ရွက်မှုအားကောင်းလာပြီး ကုသမှုထိရောက်မြန်ဆန်မှာဖြစ်ပါတယ်။ ဆီးချိုကြောင့် ဆရာ၀န်စပြပြီဆိုရင် ဒါလေးတွေကိုဂရုစိုက်မေးမြန်းပြီး မိမိကိုယ်မိမိကြိုးစားပြုပြင်ကုသမှုယူလိုက်ကြရအောင်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















