ဆီးချိုသမားများအတွက် လိုအပ်သော ကျန်းမာရေးစစ်ဆေးချက် (၇) မျိုး
ဆီးချိုဖြစ်နေတဲ့ ဟိုအန်တီလေ ကျောက်ကပ်ပျက်စီးလို့ ကျောက်ကပ် ဆေးနေရတယ်တဲ့။
ငါတို့ အိမ်ဘေးက အစ်မကြီးလည်း မျက်စိရေတိမ်တွေဖြစ်လို့ ခွဲလိုက်ရတယ်။ စသည်ဖြင့် ကြားဖူးကြမယ် ထင်ပါတယ်။
ဆီးချိုက အတော်ကြောက်စရာကောင်းလှပါတယ်။
ဆီးချိုကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးစစ်ဆေးမှုများကို ကြိုတင်ပြုလုပ်ခြင်းဖြင့် ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါဆို ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) HbA1C
ဒီစစ်ဆေးမှုကနေ လွန်ခဲ့တဲ့ ၃ လအတွင်း သင့်ရဲ့ သွေးတွင်းအချိုဓာတ်ကို စစ်ဆေးပေးနိုင်ပါတယ်။ HbA1C ကို စစ်ဆေးခြင်းဖြင့် သင့်ရဲ့ ကုသမှုပုံစံကို ရွေးချယ်ရာမှာ အဆင်ပြေစေနိုင်ပါတယ်။
(၂) ခြေထောက်စစ်ဆေးမှု
ဆီးချိုကြောင့် အာရုံကြောများ ပျက်စီးရာကနေ ခြေထောက်ထုံကျဉ်ခြင်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင့်ခြေထောက်မှာ အနာများဖြစ်ပေါ်တာကို အာရုံခံနိုင်ခြင်းမရှိ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ တစ်နှစ်ကိုတစ်ကြိမ်တော့ ခြေထောက်ဓာတ်မှန် ရိုက်ပေးသင့်ပါတယ်။
(၃) သွေးပေါင်ချိန်
ဆီးချိုရှိသူ ၃ ယောက်အနက် ၂ ယောက်တွင် သွေးတိုးကြောင့်ဖြစ်သော ဆိုးကျိုးများ သက်ရောက်နိုင်ပါတယ်။ သွေးတိုးကော ဆီးချိုပါ တွဲဖက်ဖြစ်ပေါ်ပါက မျက်စိ၊ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ သွေးကြောများ ပျက်စီးစေဖို့ ပိုမိုအလားအလာ ရှိပါတယ်။
(၄) သွေးတွင်းအဆီ စစ်ဆေးခြင်း
ဆီးချိုနဲ့ သွေးတွင်း LDL ကိုလက်စထရောတက်ခြင်းဟာ ဆက်စပ်နေပါတယ်။ LDL ကိုလက်စထရောတက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း ဖြစ်ပေါ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် တစ်နှစ်ကို တစ်ကြိမ်တော့ သွေးတွင်းအဆီ စစ်ဆေးသင့်ပါတယ်။
(၅) ကျောက်ကပ်စစ်ဆေးခြင်း
ဆီးချိုရောဂါဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ လမ်းစပါပဲ။ ကျောက်ကပ်ပျက်စီးခြင်းကနေ အသက်သေဆုံးသည်အထိ ဖြစ်ပေးနိုင်လို့ လုံးဝမပေါ့ဆသင့်ဘူးနော်။ ဆီးချိုရောဂါရှိသူများအနေဖြင့် Urine Albumin test နဲ့ Creatinine စစ်ဆေးခြင်းကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြုလုပ်သင့်ပါတယ်။
(၆) မျက်စိစစ်ဆေးခြင်း
ဆီးချိုရောဂါကြောင့် မျက်စိကွယ်သွားသူများကို အနီးအနားတွေ တွေ့မြင်ဖူးပါလိမ့်မယ်။ ဆီးချိုကြောင့် ရေတိမ်ဖြစ်ခြင်းလည်း အဖြစ်များတဲ့အတွက် စောစီးစွာ စစ်ဆေးကုသခြင်းဖြင့် ကာကွယ်သင့်ပါတယ်။ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်တော့ မျက်စိ စစ်ဆေးသင့်ပါတယ်။
(၇) သွားစစ်ဆေးခြင်း
ဆီးချိုကြောင့် သွားတွင်းရောဂါပိုးဝင်ခြင်းများ ဖြစ်ပေါ်စေပါတယ်။ သွေးတွင်းအချိုဓာတ် မြင့်မားလေ ပိုးမွှားများကြီးထွားလေပါပဲ။ ဒါကြောင့် သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါများဖြစ်စေဖို့ တွန်းအားပေးသလို ဖြစ်တတ်ပါတယ်။ သွားဖုံးရောင်ခြင်းနဲ့ သွားဖုံးသွေးယိုခြင်းများ ဖြစ်ပေါ်ပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။ တစ်နှစ်ကို ၂ ကြိမ်ခန့် ပြသစစ်ဆေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















