/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးနံ့-နံရခြင်း-အကြောင်းရင်းများ

ဆီးနံ့ နံရခြင်း အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင့်ဆီးအနံ့က ပုံမှန်ထက် ပိုပြင်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁)  ရေဓာတ်ခမ်းခြောက်နေခြင်း
ရေဓာတ်နည်းနေတဲ့အခါ ဆီးအရောင်ရင့်ပြီး အနံ့ပြင်းတတ်ပါတယ်။ ရေဓာတ်လုံလောက်နေဖို့ တစ်နေ့ကို ရေ (၂) လီတာခန့် သောက်သုံးပေးသင့်ပါတယ်။

(၂)  အနံ့ပြင်းတဲ့ အစားအသောက်တွေ စားမိတဲ့အခါ
ကော်ဖီ၊ လက်ဖက်ရည်၊ ဆူးပုပ်ရွက်၊ ကညွတ်နဲ့ ကြက်သွန်တို့လို အစားအသောက်တွေ စားပြီးရင် ဖြစ်တတ်ပါတယ်။

(၃)  ဆီးလမ်းကြောင်းအတွင်း ပိုးဝင်တဲ့အခါ
ဘက်တီးရီးယားကြောင့် အဖြစ်များပါတယ်။ ပိုးသတ်ဆေးနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။

(၄)  ဆီးချိုရောဂါရှိနေတဲ့အခါ
အခြားအကြောင်းကိစ္စ (ဥပမာ - ရာသီဥတုအေးခြင်း၊ ရေသောက်များထားခြင်း) မရှိဘဲ ဆီးခဏခဏသွားခြင်းနဲ့ ကျောက်ကပ်က သကြားဓာတ်ကို စွန့်ထုတ်လာခြင်းကြောင့် ဆီးတွင် အသီးနံ့ကဲ့သို့ အနံ့ရခြင်းများ ရှိတတ်ပါတယ်။

(၅)  မိန်းမကိုယ်ထဲထိ ဆေးကြောခြင်း
မိန်းမကိုယ်အတွင်းနဲ့ မိန်းမကိုယ်တစ်ဝိုက်ရှိ အကျိုးပြုဘက်တီးရီးယားတွေကို သေစေပြီး ရောဂါပိုးများကို သယ်ပို့ပေးသလိုဖြစ်ပြီး အနီးစပ်ဆုံးတွင်ရှိနေသည့် ဆီးလမ်းကြောင်းထဲသို့ပါ ပိုးဝင်စေတာ ဖြစ်ပါတယ်။

(၆)  ဆီးကျောက်တည်တဲ့အခါ
ဆီးကျောက်တည်တဲ့အခါ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းဖြစ်တတ်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ဆီးကျောက်တည်တဲ့အခါ ဆီးတွင် အနည်ပါခြင်း၊ ခါးနာခြင်းနဲ့ ဆီးသွားရခက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

(၇)  Yeast (မှို) ရောဂါ
ကိုယ်ဝန်တားဆေးသောက်နေတဲ့အခါ၊ ပိုးသတ်ဆေးသောက်လိုက်တဲ့အခါ၊ ကိုယ်ဝန်ရှိတဲ့အခါ၊ ဆီးချိုနဲ့ တခြားသော ကိုယ်ခံအားကိုနည်းစေတဲ့ အခြေအနေတွေမှာ မှိုရောဂါပေါက်ပွားလာပြီး မိန်းမကိုယ်ကနေ အနံ့ထွက်စေပါတယ်။ ဆီးလမ်းကြောင်းအပေါက်ဝနဲ့ မိန်းမကိုယ်တို့ဟာ အရမ်းနီးကပ်တာကြောင့် ဆီးမှာပါ အနံ့ရနေခြင်း ဖြစ်တတ်ပါတယ်။

(၈)  မျိုးရိုးလိုက်ခြင်း
မိန်းကလေးတွေမှာ အဖြစ်များတတ်ပြီး အပျိုဖော်ဝင်စအချိန်နဲ့ ရာသီသွေးဆင်းခါနီးအချိန်တွေမှာ သိသာတတ်ပါတယ်။

(၉)  သားဥကြွေချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်
Estrogen (အီစရိုဂျင်) နဲ့ Progesterone (ပရိုဂျက်စ်တီရုန်း) ဟော်မုန်းများကြောင့်ဖြစ်ပြီး ကိုယ်ဝန်ပထမသုံးပတ်မှာ ဆီးနံ့ပြောင်းလဲတတ်ပါတယ်။

(၁၀)  လိင်မှတစ်ဆင့်ကူးသော ကူးစက်ရောဂါများ
Chlamydia နဲ့ Trichomoniasis လို့ခေါ်တဲ့ရောဂါတွေမှာ ဆီးနံ့ နံတတ်ပါတယ်။

(၁၁)  အားဆေးများ သောက်သုံးနေရလျှင်
တချို့အားဆေး (ထိုးဆေး/သောက်ဆေး) တွေက ဆီးကို အရောင်၊ အနံ့ ပြောင်းစေတတ်ပါတယ်။

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)