ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို လျော့ကျစေဖို့အတွက် ဒီ (5) ချက်ကို လိုက်နာကြပါစို့ ...
ကျွနု်ပ်တို့ဟာ အကြောင်းအမျိုးမျိုးနဲ့ ခရီးတွေ ထွက်နေကြရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ခရီးသွားသွား အမျိုးသမီးတွေမှာ အရမ်း အဖြစ်များတဲ့ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းပါ။ ခန္ဓာကိုယ် တည်ဆောက်ပုံအရ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံကို မပြောင်းလဲနိုင်ပေမယ့်လည်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို လျော့ကျစေဖို့အတွက် လုပ်နိုင်တဲ့အချက်တွေ အများကြီး ရှိပါတယ်။
ခရီးသွားတဲ့အခါမှာ ရေအိမ်သွားတဲ့ အကြိမ်ရေ နည်းတဲ့အတွက် အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို များစေပါတယ်။ ဒီတော့ ခရီးသွားရတော့မယ်ဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာကို လျော့နည်းစေတဲ့ အချက် (5) ချက်ကို ပြောပြချင်ပါတယ်။
1. သကြား ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။
သကြား ပါဝင်တဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ (အထူးသဖြင့် ဆီးလမ်းကြောင်းထဲမှာ) pH ပမာဏ ကို မြင့်တက်စေပါတယ်။ pH မြင့်မားခြင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘက်တီးရီးယားပိုးတွေကို များများ ပေါက်ဖွားလာစေပြီး ရောဂါပိုး ဝင်ရောက်စေပါတယ်။ ဒါကြောင့် သကြားပါဝင်တဲ့ ချိုချဉ်တွေ စားမယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေ စားခြင်းဖြင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို လျော့ကျစေပါတယ်။
2. ခရီးစဉ်အတွင်း ဝိုင်မသောက်ပါနဲ့။
ဝိုင်သောက်ခြင်းက အာရုံကြောတွေကို ငြိမ်သက်စေတယ် ဆိုပေမယ့် သကြားလိုပဲ သူကလည်း pH ပမာဏ မြင့်တက်စေပါတယ်။
3. ရေဓာတ် ပြည့်ဝနေပါစေ။
ခရီးသွားတဲ့အချိန်မှာ ဆီး သွားချင်မှာစိုးလို့ ရေမသောက်ဘဲနေတာမျိုး ရှိနိုင်ပါတယ်။ ရေဓာတ် ပြည့်ဝနေခြင်းက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို လျော့ကျစေပါတယ်။ ဆီးသွားလိုက်တိုင်းမှာ ရောဂါပိုး ဝင်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ အဆိပ်ဓာတ်တွေ အပြင်ကို ထွက်သွားစေပါတယ်။ ဒါကြောင့် နည်းနည်းလေးပဲ ဆီးသွားချင်စိတ်ဖြစ်ရင်တောင် ဆီးသွားပေါက်ပေးပါ။ ဆီးမသွားဘဲနေခြင်းက ရောဂါပိုး ဝင်နိုင်ခြေကို များစေပါတယ်။
4. အရမ်းတင်းကျပ်အောင် ညှစ်ထားတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။
ခရီးသွားတဲ့အခါမှာ စတိုင်ကျပြီး လှပချင်ကြမှာပါ။ ဒါပေမဲ့ အရမ်းတင်းကျပ်ပြီး ညှစ်ထားတဲ့အဝတ်တွေက ခန္ဓာကိုယ်ပုံ ပေါ်စေရုံသာမက ဆီးအိမ်ပေါ်မှာလည်း မလိုအပ်တဲ့ ဖိအားတွေ သက်ရောက်စေပါတယ်။ ဒါ့အပြင် ဒီအသားတွေက လေဝင်လေထွက် မကောင်းတဲ့အတွက် ပေါင်ခွကြားနေရာမှာ စိုစွတ်စေပြီး ဘက်တီးရီးယား ပေါက်ဖွားမှုကို အားပေးပါတယ်။ ဒါကြောင့် ပွပွချောင်ချောင် ချည်ထည်တွေပဲ ဝတ်ဆင်ပြီး ခရီးသွားပါ။
5. ခရီးမသွားခင်မှာ ကိုယ့်ရဲ့ကျန်းမာရေးကို သေချာစစ်ဆေးပါ။
ကျန်းမာရေး ကောင်းနေမယ်ဆိုရင် ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်နိုင်စွမ်းလည်း ပိုကောင်းပါတယ်။ ဒါကြောင့် ခရီးမသွားခင် နေ့ရက်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ရရှိစေပြီး ကိုယ်ခံအားကောင်းစေကာ စွမ်းအင်ပြည့်ဝစေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတပြီး မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















