ဆီးအရောင်က ပြောပြနေတဲ့ ကျန်းမာရေး
လူတိုင်းအတွက် ဆီးက အရေးကြီးပါတယ်။ ဆီးမပေါက်တဲ့လူရယ်လို့ မရှိပေမယ့်လည်း လူတိုင်းကတော့ ဆီးအရောင်ကို သေချာအလေးထားပြီး ကြည့်မနေပါဘူး။ ဆီးအရောင်ကိုကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ ရှိပါတယ်။
1. အဝါရောင်ဖျော့ဖျော့
ဒါက ရေကို အလုံအလောက်သောက်ထားလို့ ရေဓာတ် ပြည့်ဝနေတယ်ဆိုတာကို ပြပါတယ်။ ကောင်းတဲ့လက္ခဏာပါ။
2. အဝါရင့်ရောင် (သို့) လိမေ္မာ်ရောင် ဆီး
ဒါကတော့ သိပ်မကောင်းပါဘူး။ စားလိုက် သောက်လိုက်တဲ့အထဲမှာ မုန်လာဥနီတွေ၊ ဗီတာမင်ဆေးတွေပါလို့ ဆီးအရောင်ရင့်တာဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ စားတဲ့အထဲမှာလည်း အရောင်ရင့်စေတဲ့အရာတွေ မပါဘူးဆိုရင်တော့ ရေဓာတ်ခမ်းခြောက်နေလို့ ဖြစ်နိုင်ပါတယ်။ အချိုရည်မဟုတ်တဲ့ ရိုးရိုးရေ များများသောက်ပါ။
3. ပန်းရောင် (သို့) အနီရောင်သန်းနေတဲ့ဆီး
ဒီအရောင်ဆိုရင်တော့ အရင်ဆုံး စဉ်းစားရမှာက သွေးပါတာလား ဆိုတာကိုပါပဲ။ ကိုယ် စားထား၊ သောက်ထားတာထဲမှာ ပန်းရောင်ဖြစ်စေမယ့် အစားအသောက်တွေ မပါဘူးဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း သွားပြပါ။
4. အစိမ်းရောင် (သို့) အပြာရောင်
ဆီးသွားလိုက်တဲ့အခါမှာ အစိမ်းတွေ၊ အပြာတွေဖြစ်နေရင် စိတ်လှုပ်ရှားသွားမှာပါပဲ။ အစားအစာမှာပါတဲ့ ဆိုးဆေးတွေ၊ အားဆေးတွေနဲ့ အချို့သောဆေးတွေကြောင့် ဆီးကို ဒီအရောင်တွေ ဖြစ်စေတတ်ပါတယ်။ ကိုယ် ဘာစားမိလဲ ပြန်စဉ်းစားပါ။
ဒါတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ ရောဂါပိုးဝင်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာရောဂါစတဲ့ ပိုဆိုးတဲ့တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆေးခန်း ချက်ချင်းသွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















