ဆီးအရောင်နဲ့ ကျန်းမာရေး
လူတွေဟာ ဆီး၊ ဝမ်း စတဲ့ အညစ်အကြေးတွေအကြောင်းပြောဖို့ ရှက်ရွံတတ်ကြပါတယ်။ တကယ်ကတော့ ဆီးဝမ်းပြဿနာများဟာ သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေဆိုတာ သိကြပါသလား။
သင့်ဆီးရဲ့အရောင်အပေါ် မူတည်ပြီး ကျန်းမာရေးပြဿနာများစွာကို အဖြေရှာနိုင်ပါတယ်။
(၁) ဆီးအကြည်ရောင်
အရောင်မရှိသောဆီးဟာ ရေဓာတ်လွန်ကဲခြင်းကို ပြသနေပါတယ်။ ဒီလိုရေဓာတ်များပြားခြင်းဟာ ကိုယ်ခန္ဓာရဲ့ လိုအပ်သောဆားဓာတ်တွေကို ပျက်ပြားစေပြီး သွေးတွင်းရှိ ဓာတုပစ္စည်းများကို မမျှမတ ဖြစ်စေနိုင်ပါတယ်။
(၂) ကောက်ရိုးအဖျော့ရောင်
ပုံမှန်လိုအပ်သော ရေဓာတ်ပြည့်ဝပြီး ကျန်းမာရေးကောင်းခြင်းကို ပြသနေပါတယ်။
(၃) အဝါရောင်အကြည်
ပုံမှန်ဆီးအရောင် ဖြစ်ပါတယ်။
(၄) အဝါရောင်အရင့်
ပုံမှန်ဖြစ်သော်လည်း ရေဓာတ်ခမ်းခြောက်နေခြင်းကို ပြသနေပါတယ်။
(၅) ပျားရည် (သို့) ပယင်းရောင်
အတန်ငယ် ရေဓာတ်နည်းပါးနေခြင်းကို ပြသနေပါတယ်။
(၆) လိမ္မော်နုရောင်
ရေဓာတ်နည်းပါးတာ ဖြစ်နိုင်သလို အသည်းနှင့်သည်းခြေပြွန်ပြဿနာများ၊ ဆိုးဆေးပါသောအစာများ စားမိခြင်း၊ သွေးတွင်းက ဗီတာမင်ဘီများ အများအပြား စွန့်ထုတ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၇) လိမ္မော်ရောင်
တီဘီဆေးဖြစ်သော Rifampicin သောက်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
(၈) လိမ္မော်ရောင်အရင့် (သို့) အညိုရောင်
အသည်းရောင်အသားဝါရောဂါရှိခြင်း၊ အလွန်အမင်း ရေဓာတ်နည်းနေခြင်းနှင့် အခြားရောဂါများ ရှိနေနိုင်ပါတယ်။
(၉) ပန်းရောင်
ဘယ်ရီသီးများနှင့် အချို့သောဥများကို စားခြင်းကြောင့်ဖြစ်နိုင်သလို ဆီးထဲ သွေးပါတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
(၁၀) အနီရောင်
ဆီးထဲတွင် သွေးပါခြင်းကို ပြသနေပြီး ကျောက်ကပ်ကျောက်တည်ခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းတွင် အကျိတ်ရှိခြင်းတို့ကို ဖော်ပြနေပါတယ်။
(၁၁) အစိမ်းရောင်
အချို့သောဆေးများနှင့် အစိမ်းရောင်ဆိုးထားသော အစာများကို စားခြင်းကြောင့် ဖြစ်တတ်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
(၁၂) အပြာရောင်
အချို့သောဆေးများနှင့် အပြာရောင်ဆိုးထားသောအစာများကြောင့် ဖြစ်တတ်ပြီး သွေးထဲတွင် ကယ်လ်စီယမ်များသော မွေးရာပါရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၁၃) အနက်ရောင်
ပဲကြားနှင့် ရှားစောင်းလက်ပတ်အစားများခြင်းကြောင့် ဖြစ်နိုင်သလို ကြေးနီအဆိပ်သင့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၁၄) နို့နှစ်ရောင်
ကယ်လ်စီယမ်နှင့် ဖော့စ်စဖိတ်များ စုပုံခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ပရိုတင်းများ စုပုံခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)














