ဆောင်းရာသီနှင့် နှလုံးရောဂါ
ကျွန်မတို့ဟာ ပူပြင်းတဲ့ရာသီကိုသာ အများဆုံးကြုံတွေ့ရတဲ့အတွက် ဆောင်းတွင်းလို အေးမြတဲ့ရာသီတွေကို နှစ်သက်စွာ ကြိုဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း ရာသီဥတုအေးလွန်းခြင်းဟာ ကျန်းမာရေးပြဿနာအချို့ကို ဖြစ်ပေါ်စေတဲ့အပြင် နှလုံးရောဂါရှိသူများအတွက် နှလုံးကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။
ကျွန်မတို့ရဲ့ ကိုယ်တွင်းအပူချိန် 35°C (သို့) 95°F ထက် နည်းပါးတဲ့အခါ ကိုယ်တွင်းအပူချိန်လျော့နည်းခြင်း လို့ခေါ်တဲ့ Hypothermia စတင်ဖြစ်ပေါ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာကနေ ကိုယ်တွင်းအပူချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ လုံလောက်တဲ့စွမ်းအင်မရှိခြင်းကို ပြသနေတာဖြစ်ပါတယ်။ ဆိုးရွားသော ကိုယ်တွင်းအပူချိန်လျော့နည်းခြင်းဟာ အသက်သေစေတဲ့အထိ ဖြစ်နိုင်ပါတယ်။
>> အေးသောရာသီဟာ နှလုံးကို ဘယ်လိုသက်ရောက်မှုရှိစေသလဲ?
အေးခဲလွန်းတဲ့ နှင်းကျသောဆောင်းရာသီကို ပိုင်ဆိုင်ရတဲ့နိုင်ငံတွေမှာဆိုရင် နှင်းတောထဲမှာ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုတို့ ပြုလုပ်တဲ့အခါ နှလုံးကို ဒဏ်ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် အချို့သော နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအနေနှင့် အေးတဲ့ရာသီရောက်တဲ့အခါ ရင်ဘတ်အောင့်ခြင်းကို ခံစားရလေ့ရှိပါတယ်။
အေးသောဒီဂရီအပြင် နှင်းကျခြင်း၊ မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းတို့ကြောင့်လည်း ကိုယ်တွင်းအပူချိန် ကျဆင်းလေ့ရှိပါတယ်။
ဒါကို ကာကွယ်ဖို့အတွက် အလွန်အေးခဲတဲ့ရာသီတွေမှာ ကိုယ်တွင်းအပူချိန်ကို အလွှာတစ်ထပ်ဖြင့် ထိန်းသိမ်းဖို့ အနွေးထည်အထပ်ထပ် ဝတ်ဆင်လေ့ရှိပါတယ်။ ခေါင်းကနေလည်း အပူတွေ ဆုံးရှုံးနိုင်တာမို့ ဦးထုတ်ဆောင်းပေးသင့်ပါတယ်။ လက်နှင့်ခြေထောက်တွေ နွေးစေဖို့ လက်အိတ်၊ ခြေအိတ် ဝတ်ဆင်သင့်ပါတယ်။
>> ဆောင်းတွင်းဘက်မှာ နှလုံးရောဂါရှိသူတွေအနေနှင့် ဘယ်လိုနေထိုင်သင့်လဲ?
(၁) မိမိကိုယ်ကိုအနားပေးပါ
ဆောင်းတွင်းဘက်မှာ အိမ်ပြင်ထွက် အလုပ်လုပ်ရသူများအနေနှင့် မကြာခဏအနားယူခြင်း၊ နွေးထွေးအောင်နေခြင်းတို့ကို ပြုလုပ်ပေးပါ။
(၂) နှလုံးအမောဖောက်ခြင်း လက္ခဏာတွေကို ကြိုတင်သိရှိအောင် လေ့လာထားပါ
နှလုံးအမောဖောက်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတာကို ကြိုတင်သိထားခြင်းဖြင့် မိမိမှာ ရင်ဆိုင်ရတဲ့အခါ အလျင်မြန်ဆုံး ဆရာဝန်နှင့်ပြသဖို့ ပြင်ဆင်ထားနိုင်ပါတယ်။
(၃) ဆေးလိပ်နှင့်အရက် ဖြတ်ပါ
အရက်သောက်ခြင်းဖြင့် ကိုယ်တွင်းကို အပူဓာတ်ရရှိစေတဲ့အတွက် ပြင်ပရာသီဥတုအအေးဓာတ်ကို မသိရှိနိုင်ဘဲ လွတ်လပ်ပေါ့ပါးစွာနေမိတဲ့အတွက် နှလုံးကို ထိခိုက်စေဖို့ အလားအလာများစေတတ်ပါတယ်။
ဆေးလိပ်ဟာလည်း နှလုံးသွေးကြောကိုကျဉ်းစေတဲ့အတွက် မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။
(၄) ကိုယ်တွင်းအပူချိန်ကျဆင်းခြင်းရဲ့ ဆိုးကျိုးတွေကို သိရှိထားပါ
ကိုယ်တွင်းအပူချိန်ကို ထိန်းသိမ်းဖို့ အနွေးထည်ထူထူဝတ်ခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ တတ်နိုင်သမျှ အိမ်ထဲမှာနေခြင်းတို့ ပြုလုပ်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















