ညစာ စားပြီး ဝိတ်ချမယ်
ကျွန်မတို့တွေဟာ အင်တာနက်ပေါ်မှာဖြစ်စေ၊ TV ဖန်သားပြင်ကတစ်ဆင့်ဖြစ်စေ ညစာရှောင်ခြင်း သို့မဟုတ် ညစာစောစောစားခြင်းဟာ ၀ိတ်ကျဖို့ အထောက်အကူဖြစ်ကြောင်း ဆယ်လီအမျိုးမျိုးရဲ့ အကြံပေးချက်တွေကို ကြားဖူးကြပါတယ်။ ဒါဆို ဒီခေါင်းစဉ်အရ ညစာလည်း စားရမယ်၊ ၀ိတ်လည်း ကျတယ်ဆို ဘယ်လိုများပါလိမ့်ဆိုပြီး စိတ်ဝင်စားကြမှာပါပဲ။ တကယ်တော့ ဒါဟာ အိန္ဒိယရိုးရာနည်းတစ်ခု ဖြစ်ပါတယ်။ ၀ိတ်ကျစေတဲ့အပြင် အောက်ပါအကျိုးကျေးဇူးများကိုတောင် ရနိုင်သေးတာမို့ ဆက်လက်ဖတ်ရှုပေးပါဦး။
(၁) ရိုးရာဓလေ့တစ်ခုပါ
အိန္ဒိယလူမျိုးများရဲ့ ရိုးရာအရ ညစာစားခြင်းဟာ အလွန််အရေးကြီးပါတယ်။ ဒါဟာ မိသားစု ဆုံတွေ့ချိန်ဆိုလည်း မမှားပါဘူး။
(၂) လေပွခြင်းကို သက်သာစေတယ်
ညစာစောစောစားပါက မကြာမီ ဗိုက်ထပ်ဆာလာတဲ့အတွက် အာလူးကြော်နဲ့ အခြားသော သရေစာများကို ထပ်စားမိပါတယ်။ ဒါကြောင့် လေပွခြင်းကို မကြာမကြာ ခံစားရပါတယ်။ ညစာကို ၇ နာရီမှစားခြင်းဖြင့် ဗိုက်ဆာခြင်းကို တင်းတိမ်စေပြီး ညသန်းခေါင်မှာ ဗိုက်ဆာတာမျိုးလည်း ကင်းဝေးစေပါတယ်။
(၃) စောစောအိပ်ပျော်စေတယ်
ညစာ စောစောစားခြင်းထက် ညစာ နောက်ကျမှစားခြင်းဖြင့် သင့်ကိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
(၄) ၂ ကီလိုဂရမ်ခန့် ကိုယ်အလေးချိန် ကျသွားစေတယ်
ဒါကတော့ ညစာ စောစောစားရင်လည်း ကျနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ၆၅ ကီလိုဂရမ် အလေးချိန်နဲ့ စတင်ပြီး ရက် ၂ဝ အကြာမှာ ၆၃ ကီလိုပဲ ရှိပါတော့တယ်။ ၇ နာရီနောက်ပိုင်း ဘာမှမစားတာကြောင့် ဖြစ်နိုင်ပါတယ်လို့ လက်တွေ့လိုက်နာခဲ့သူတစ်ယောက်က ဆိုပါတယ်။
(၅) မနက်အိပ်ရာထရင် ကြည်လင်နိုးကြားစေတယ်
ဒီနည်းစဉ်ကို မလိုက်နာမီက ည ၁၁ နာရီအထိ တွေ့ကရာ စားလေ့ရှိပါတယ်။ ထိုအခါမှာ မနက်နိုးလာတိုင်း ခေါင်းမကြည်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ခံစားရလေ့ရှိတယ်။ ည ၇ နာရီနောက်ပိုင်း ဘာမှမစားခြင်းဖြင့် မနက်ခင်း အိပ်ရာနိုးချိန်မှာ ကြည်လင်နေတာ လက်တွေ့ခံစားရပါတယ်လို့ ကိုယ်တွေ့ကို ဝေမျှထားကြပါတယ်။
(၆) ဝမ်းချုပ်ခြင်း ကင်းဝေးတယ်
ညစာကို အချိန်မှန်မစားဘဲ သရေစာနဲ့ အဆာပြေမုန့်မျိုးစုံကို စားခြင်းဖြင့် ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းကို ခံစားရပါတယ်။ ညစာကို ၇ နာရီ အချိန်မှန်စားခြင်းကြောင့် မလိုအပ်သော သရေစာများကို တစွတ်စွတ်မစားမိဘဲ ဝမ်းချုပ်ခြင်းကိုပါ သက်သာလာတာ တွေ့ရပါတယ်။
ကဲ ... ညစာလည်း စားရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေပေးတယ်ဆိုတော့ လိုက်လုပ်ဖို့ အဆင်သင့်ပဲလား။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















