/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညဘက်ဆို-ဆီးခဏခဏသွားတာ-ဘာဖြစ်လို့ပါလိမ့်

ညဘက်ဆို ဆီးခဏခဏသွားတာ ဘာဖြစ်လို့ပါလိမ့်?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ညဘက် အိပ်ချိန် ၆ နာရီကနေ ၈ နာရီလေးအတွင်းမှာ အိမ်သာကို အကြိမ်ကြိမ် ထသွားနေရပြီလား?

          ကျောက်ကပ်က ဆီး အထုတ်များလို့၊ ဒါမှမဟုတ် ဆီးအိမ်က ဆီးမထိန်းထားနိုင်လို့ ဖြစ်နိုင်တယ်နော်။ တစ်ခါတလေ ၂ ခုလုံးကြောင့်တောင် ဖြစ်နိုင်သေးတယ်။

          ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲက တချို့အကြောင်းရင်းတွေဟာ ဆေးကုသဖို့ လိုပြီးတော့ တချို့အကြောင်းရင်းတွေကတော့ ကိုယ့်ဟာကိုယ် ကုလို့ရတယ်နော်။

 

1.      အရည်သောက်များလို့ ဖြစ်နိုင်တယ်။

          ရေသောက်တာ များတာ၊ အိပ်ချိန်နီးမှ သောက်တာတွေကြောင့် ဖြစ်နိုင်တယ်။ အဲဒါကြောင့် မအိပ်ခင် နာရီပိုင်းအတွင်းမှာ ရေကို နည်းနည်းပဲ သောက်ပါ။ ညနေပိုင်းလောက်ရောက်ရင် အရက်နဲ့ ကော်ဖီ မသောက်ပါနဲ့တော့။ ပြီးတော့ ညမအိပ်ခင် အိမ်သာဝင်ဖို့လည်း မမေ့နဲ့နော်။

 

2.      ဆီးပိုးဝင်လို့ ဖြစ်နိုင်သေးတယ်။

          ဆီးပိုးဝင်ရင် နေ့ရောညပါ ဆီး အသွားများပြီးတော့ ဆီးသွားရင် နာနေတတ်တယ်။ ဗိုက်လည်း အောင့်တတ်ပြီး အဖျားပါ ဝင်လိမ့်မယ်။ ဆရာဝန်နဲ့ ပြရမယ်နော်။

 

3.      အသက်ကြီးလာလို့လည်း ဖြစ်နိုင်တာပဲ။

          အသက်ကြီးလာတဲ့အခါ ဆီးကို နည်းစေတဲ့ဟော်မုန်း အထွက်နည်းလာလို့ ဆီး များလာတတ်တယ်။ အဲဒါကြောင့် ညဘက်တွေမှာ မနက်ထိကို မအောင့်နိုင်ဘဲ ထ,ထသွားရတတ်တာပါ။

          ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ ညဘက် ဆီးအသွားများစေတဲ့ တခြားရောဂါတွေလည်း အဖြစ်များလာတယ်။ ယောက်ျားမိန်းမ လိင်နဲ့လည်း ဆိုင်သေးတယ်တဲ့။

          အမျိုးသားတွေမှာ အသက်ကြီးရင် ဆီးကျိတ် ကြီးလာတတ်တယ်။ ဆီးကျိတ်ကြီးတာက တော်ရုံဆို ဘာမှထူးထူးခြားခြားတော့ မဖြစ်စေပေမယ့် ဆီးကျန်စေတာမျိုးတော့ ဖြစ်စေနိုင်တယ်။

          အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးပြီးတော့ အီစထရိုဂျင် အမျိုးသမီးဟော်မုန်း အထုတ်နည်းလာလို့ ဆီးလမ်းကြောင်းမှာ အပြောင်းအလဲတွေ ဖြစ်လာပြီး ဆီးသွား များလာတတ်တယ်။ ကလေးတွေ မွေးဖူးတာကြောင့်လည်း တင်ပါးဆုံအောက်ပိုင်း ကြွက်သားတွေ လျော့ရဲလာပြီး ဆီး အသွားများတတ်တယ်။

 

4.      ဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်နော်။

          တချို့ဆေးတွေက ကိုယ်ခန္ဓာထဲကနေ အရည်တွေ ဆွဲထုတ်နိုင်စွမ်းရှိလို့ ဆီးခဏခဏ သွားစေတတ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆေးကို စောစောသောက်တာ၊ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးပြောင်းသောက်တာတွေ လုပ်လို့ရတယ်နော်။

 

5.      အအိပ်ပြဿနာကြောင့်များ ဖြစ်နေမလား?

          တစ်ခါတလေ ဆီးသွားချင်လို့ နိုးလာတာ မဟုတ်ဘဲ နိုးနေလို့ ထသွားချင်တာ ဖြစ်နိုင်သေးတယ်။ Restless leg syndrome ခြေမငြိမ်ရောဂါ၊ ပူရှိန်းရှိန်းဖြစ်နေတာ၊ နာတာရှည် နာကျင်တာ၊ စိတ်ဓာတ်ကျရောဂါတွေကြောင့် ဖြစ်နိုင်တယ်။ ညဘက် အသက်ရှူရပ်,ရပ်သွားတဲ့ sleep apnoea ရောဂါကြောင့်လည်း ဖြစ်နိုင်သေးတယ်နော်။

          အဲဒါကြောင့် ညဘက် အိပ်မပျော်စေတဲ့ အကြောင်းရင်းကို ဖယ်ရှားလိုက်ရင် ညဘက် ဆီး ခဏခဏသွားတာလည်း ပျောက်သွားပါလိမ့်မယ်။

 

6.      နှလုံးနဲ့လည်း သက်ဆိုင်နေသေးတယ်။

          နှလုံးက ကောင်းကောင်း မညစ်နိုင်တဲ့အခါ အရည်တွေစုပုံလာတတ်တယ်။ အထူးသဖြင့် ခြေချင်းဝတ်မှာပုံလာတတ်တာပေါ့။

          လှဲအိပ်လိုက်တဲ့အချိန်မှာ စုပုံနေတဲ့အရည်တွေ ထွက်လာပြီးတော့ ဆီးအိမ်မှာ လာပုံတဲ့အတွက် ညဘက်ကို အိပ်ရာကနေ နိုးလာတတ်တယ်။

          ဒီလိုခြေထောက်ရောင်တာတွေ သက်သာလာအောင် နေ့ဘက်မှာ ခြေထောက်ကို မြှောက်ထားတာ၊ ကျပ်စည်း Stocking ဝတ်ထားတာတွေ လုပ်ပေးလို့ရတယ်နော်။

 

7.      တခြားအကြောင်းတွေကြောင့်ရော ဖြစ်နိုင်သေးလား?

          နည်းအမျိုးမျိုး ကြိုးစားကြည့်လို့မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်လိုက်တော့နော်။

>>    ဆီးအိမ်ကနေ ဆီးကောင်းကောင်း မထိန်းနိုင်စေတဲ့ အကြောင်းရင်းတွေကတော့ -

●        ဆီးအိမ်အကျိတ်

●        ဆီးကျိတ်အကျိတ်

●        ဆီးအိမ်တုံ့ပြန်မှု လွန်ကဲရောဂါ

●        ဆီးအိမ် ရောင်ရမ်းခြင်း

●        ကိုယ်ဝန်

●        အဝလွန်ခြင်း တွေပဲ ဖြစ်တယ်။

 

>>    ဆီးထုတ်များစေတဲ့ အကြောင်းရင်းတွေထဲမှာ -

●        ဆီးချို

●        ဆီး ပြန်မစုပ်ယူနိုင်တဲ့ရောဂါ

●        အသည်းကျွမ်းခြင်း

●        အယ်ဇိုင်းမား၊ ပါကင်ဆန်စတဲ့ အာရုံကြောရောဂါတွေ ပါတယ်။

          ဒီလိုအကြောင်းရင်းတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလိုက်ပါ။ ဒါမှ ညဘက ဆီးထ,ထသွားနေရတာ သက်သာသွားမှာပေါ့။

          ဆရာဝန်နဲ့ပြဖို့ လိုနေတဲ့အချိန်က ညဘက် ဆီးခဏခဏ ထသွားနေရလို့ နေ့ခင်းဘက်တွေမှာ အာရုံစိုက်မရတာနဲ့ တခြားပြဿနာတွေ ဖြစ်လာရင် ပြကြည့်လိုက်ပါ။ အသက်ကြီးတဲ့လူတွေမှာ ညဘက် ထ,ထသွားနေရတာက ချော်လဲပြီး အရိုးကျိုးတာတွေ ဖြစ်စေနိုင်ပါတယ်။

 

>>    ဆရာဝန်နဲ့ သွားပြတော့မယ်ဆိုရင် -

          ဘာတွေ သောက်တယ်၊ ဘယ်အချိန်တွေမှာ ဘယ်လောက် ဆီးသွားတယ်ဆိုတာတွေကို မှတ်ထားဖို့ လိုလိမ့်မယ်။

 

>>    ဆရာဝန်က မေးလာမယ်

●        အိပ်ပျော်ရဲ့လား?

●        နေ့ဘက်တွေရော နုံးနေလား?

●        ဘာဆေးတွေ သောက်နေလဲ?

●        တခြား ဘာလက္ခဏာတွေ ရှိသေးလဲ?

          ဆိုတာတွေကို ကြိုပြင်ထားဖို့တော့ လိုမယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)