တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါ ဖြစ်တဲ့သူတွေ ဘာတွေ စားလို့ရပြီးတော့ ဘာတွေရှောင်ရမလဲ
တိုက်ဖွိုက်ဆိုတာကတော့ salmonella typhi ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ ဒီပိုးက ရေဆိုးရေညစ်၊ ကျန်းမာရေးနဲ့မညီ ညစ်ပတ်တဲ့နေရာတွေ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေမှာ ရှိပါတယ်။ တိုက်ဖွိုက်က ကူးစက်ရောဂါဖြစ်ပြီးတော့ ရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ချမ်းတုန်ခြင်း၊ ဘေလုံးနဲ့ အသည်းများကြီးခြင်း စတဲ့လက္ခဏာတွေနဲ့ တချို့မှာဆိုရင် အစာစားချင်စိတ်နည်းတာ၊ ပျို့အန်တာတွေကို ခံစားကြရတတ်ပါတယ်။
တိုက်ဖွိုက်ရောဂါ ဖြစ်တဲ့သူတွေမှာ စားတဲ့အစားအစာက ရောဂါကုသရာမှာ အရေးကြီးတဲ့အတွက်ကြောင့် သေချာစောင့်ကြည့်ဖို့လိုပါတယ်။
အူရောင်ငန်းဖျားဖြစ်ရင် စားသင့်တဲ့ အစားအစာတွေနဲ့ မစားရမယ့်အစားအစာတွေကို ပြောပြပါမယ်။
>> အောက်ပါအစားအစာတွေကို စားသင့်ပါတယ်။
1. အူရောင်ငန်းဖျား ဖြစ်တဲ့သူတွေအနေနဲ့ ကယ်လိုရီ မြင့်မားတဲ့အစားအစာတွေ စားပေးသင့်ပါတယ်။ ကယ်လိုရီများမှ ရောဂါကြောင့် ကိုယ်အလေးချိန် ကျသွားတာကို ကာကွယ်နိုင်မှာပါ။ ကယ်လိုရီမြင့်မားတဲ့ အာလူးပြုတ်၊ ပေါင်မုန့်ဖြူ၊ ငှက်ပျောသီး စတာတွေကို စားပေးပါ။ ငှက်ပျောသီးမှာဆိုရင် တိုက်ဖွိုက်ရောဂါကို တိုက်ဖျက်ရာမှာ ကူညီနိုင်တဲ့ စွမ်းအင်တွေလည်း ပါဝင်ပါတယ်။
2. အရည်များများ သောက်ပေးဖို့လည်း လိုပါတယ်။ အူရောင်ငန်းဖျားဖြစ်တဲ့အခါမှာ ကိုယ်တွေပူ ဝမ်းတွေလျှောပြီးတော့ ရေဓာတ် ခမ်းခြောက်စေနိုင်ပါတယ်။ ရေဓာတ် ခမ်းခြောက်သွားရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်လို့ ရေဓာတ်များတဲ့ အစားအစာတွေနဲ့ အရည်တွေ သောက်ပေးပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေသောက်ပါ။
3. ကစီဓာတ်များတဲ့ အစားအစာတွေ စားပါ။ အူရောင်ငန်းဖျားလူနာတွေမှာ အစာပျော့ပျော့လေးတွေက အစာကြေလွယ်စေပါတယ်။ ဆန်ပြုတ်၊ အာလူးပြုတ်၊ ကြက်ဉပြုတ် စတာတွေက ရောဂါအတွက် ကောင်းပါတယ်။
4. အူရောင်ငန်းဖျားဖြစ်တဲ့အခါမှာ နို့ထွက်ပစ္စည်းတွေကိုလည်း များများစားသင့်ပါတယ်။ ပျားရည်လိုမျိုး သကြားပါဝင်မှုများတဲ့ အစားအစာတွေလည်း စားပေးပါ။
5. ပြီးတော့ ဒိန်ချဉ်နဲ့ ကြက်ဥလည်း စားပေးသင့်ပါတယ်။ ဒီအစားအစာတွေက အသားတွေထက်စာရင် အစာခြေလွယ်ပြီးတော့ အသားဓာတ်လည်း ပေးနိုင်ပါတယ်။ အသီးအရွက်ပဲ စားတဲ့သူတွေအနေနဲ့ကတော့ အသားဓာတ်များများရအောင် ပဲအမျိုးမျိုး စားပေးပါ။
6. Omega-3 fatty acids ပါတဲ့ အစားအစာတွေက ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်တဲ့အတွက် စားပေးသင့်ပါတယ်။
>> ရှောင်ရမယ့်အစားအစာတွေ
1. အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ပါ။
2. ဂေါ်ဖီထုပ် စတဲ့ လေထစေတဲ့ ဟင်းသီးဟင်းရွက်တွေ မစားပါနဲ့။
3. ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလို အနံ့ပျင်းတဲ့ အစားအစာတွေ ရှောင်ပါ။
4. ငရုတ်သီး၊ ပူတဲ့ဆော့စ်တွေ၊ ရှာလကာရည်စတဲ့ ချဉ်တဲ့စပ်တဲ့အရာတွေ ရှောင်ပါ။
5. ထောပတ်၊ အချိုပွဲတွေနဲ့ အကြော်စာတွေကိုလည်း ရှောင်ပါ။
>> ရောဂါကာကွယ်တဲ့အနေနဲ့ ဒီအလေ့အကျင့်တွေကို ကျင့်သုံးပါ။
1. မစားခင်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို သေချာဆေးကြောပါ။
2. မသန့်ရှင်းတဲ့နေရာတွေကို ရှောင်ပါ။
3. အစာမစားခင်နဲ့ အိမ်သာဆင်းရင် လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ သေချာစွာ ဆေးကြောပါ။
4. သန့်စင်တဲ့ရေ (သို့) ရေကျက်အေး သောက်ပါ။
5. အူရောင်ငန်းဖျား (သို့) တခြားရောဂါလက္ခဏာတွေဖြစ်ရင် ဆေးရုံ၊ ဆေးခန်း (သို့) ကျန်းမာရေးဌာနကို သွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)














