/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တီဘီရောဂါ၊-အေအိုင်ဒီအက်စ်ရောဂါတို့နည်းတူ-ကမ်ဘာလူ့သားတို့

တီဘီရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါတို့နည်းတူ ကမ်ဘာလူ့သားတို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသော အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အသည်းရောင်အသားဝါဗိုင်းရပ်စ်ရောဂါသည် ကမ်ဘာပေါ်တွင် လူအများဆုံးသေဆုံးရသည့် အကြောင်းရင်းများထဲတွင် ပါဝင်လာနေပြီး သေဆုံးရသူဦးရေမှာ တီဘီရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ တို့ကြောင့် သေဆုံးရသူဦးရေနီးပါး ဖြစ်လာကြောင်း Lancet ဆေးပညာစာစောင်တွင်ဖော်ပြထားသည်။ ကာကွယ်ဆေးများ၊ ကုသနည်းများရှိနေပြီဖြစ်သော်လည်း အသည်းရောင်အသားဝါရောဂါပိုးကူးစက်မှုနှင့် ၄င်း၏နောက်ဆက်တွဲရောဂါများကြောင့် သေဆုံးရသူဦးရေမှာ 2013 တွင် 1.45 သန်းအထိပင်ရှိသည်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization)မှ အစီရင်ခံစာအရ 2014 ခုနှစ်တွင် အေအိုင်ဒီအက်စ်နှင့်နှီးနွယ်ရောဂါများကြောင့် သေဆုံးရသူဦးရေမှာ 1.2 သန်းနှင့် တီဘီရောဂါကြောင့်သေဆုံးရသူ 1.5 သန်းရှိကြောင်း သိရသည်။

        အသည်းရောင်အသားဝါဗိုင်းရပ်စ်ရောဂါတွင် A၊ B ၊C ၊D ၊E အမည်ရှိ အဓိကဗိုင်းရပ်စ်ပိုး ငါးမျိုးရှိသည်။ A နှင့် E တို့သည် ရောဂါပိုးပါသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များမှ တဆင့်ကူးစက်တတ်ပြီး ကျန်ရှိသောရောဂါပိုးသုံးမျိုးမှာမူ ရောဂါပိုးရှိသည့် သွေး၊ တံတွေးကဲ့သို့သော ကိုယ်တွင်းအရည်များမှတဆင့် ကူးစက်တတ်သည်။ ကမ်ဘာတစ်ဝှမ်းသေဆုံးရမှုအများဆုံးမှာ အသည်းရောင်အသားဝါ B ပိုး နှင့် C ပိုးတို့ကြောင့်ဖြစ်ပြီး ရောဂါကူးစက်စတွင် ရောဂါလက္ခဏာမပြတတ်သည့်အတွက်  ရောဂါကူးစက်ခြင်းကို မသိလိုက်ဘဲ အသည်းပျက်စီးချိန် အချိန်လွန်မှသိရှိတတ်ပါသည်။ အဆိုပါ B ပိုးနှင့် C ပိုးတို့သည် အသည်းကို အလွန်အမင်းပျက်စီးစေပြီး အသည်းကင်ဆာဖြစ်စေသည့်အထိ အန္တရာယ်ပေးနိုင်သည်။

         ဝါရှင်တန်တက္ကသိုလ် (University of Washington) နှင့် လန်ဒန်အင်ပီရီယယ်ကောလိပ် (Imperial College London) မှ သိပ္ပံပညာရှင်များသည် 1990 ခုနှစ်နှင့် 2013 ခုနှစ်အတွင်း နိုင်ငံပေါင်း 183 နိုင်ငံမှ အချက်အလက်များကိုလေ့လာခဲ့ရာ ဆယ်စုနှစ်နှစ်ခုအတွင်း အသည်းရောင်အသည်းဝါ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးရမှုမှာ 60 ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်းတွေ့ရပြီး လူဦးရေ တိုးပွားလာခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်နေသည်။ ငှက်ဖျားနှင့်တီဘီရောဂါတို့ကြောင့် သေဆုံးနှုန်း မှာမူ လျော့ကျသွားသည်။ တွေ့ရှိချက်များမှာ မယုံနိုင်ဖွယ်ပင်ဖြစ်ကြောင်း၊ ထိရောက်သော ကာကွယ်ဆေးနှင့် ဆေးဝါးများရှိနေပြီဖြစ်သော်လည်း ငှက်ဖျား၊ တီဘီနှင့် အေအိုင်ဒီအက်စ်ရောဂါ များနှင့် နှိုင်းယှဉ်ပါက အသည်းရောင်အသားဝါဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ငွေသုံးစွဲမှုမှာ လွန်စွာနည်းပါးနေသေးကြောင်း၊ အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရှိပြီး   C အတွက်လည်း ကုသရန်ဆေးအသစ်များပေါ်ပေါက်လာပြီဖြစ်ကြောင်း လန်ဒန်အင်ပီရီယယ်ကောလိပ် မှ ဒေါက်တာဂရေဟမ် ကွတ်ခ်ကဆိုသည်။

         လေ့လာမှုအရ အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုးပြဿနာမှာ အရှေ့အာရှတွင်အကြီးမားဆုံးဖြစ်နေပြီး ဝင်ငွေနည်းပါးသောတိုင်းပြည်များနှင့်နှိုင်းယှဉ်လျှင် အလယ်အလတ်အဆင့်နှင့် ဝင်ငွေမြင့်မားသော တိုင်းပြည်များတွင် သေဆုံးရနှုန်းပိုမိုမြင့်မားကြောင်းသိရသည်။ 2016 ခုနှစ် မေလအတွင်း ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေး မဟာဗျူဟာကိုရေးဆွဲခဲ့ပြီး 2020 ခုနှစ်တွင် အသည်းရောင်အသားဝါ B နှင့် C ရောဂါအသစ်ဖြစ်ပွားသူဦးရေကို 30 ရာခိုင်နှုန်း (30%) လျှော့ချပြီး သေဆုံးနှုန်းကို 10 ရာခိုင်နှုန်း (10%) လျှော့ချမည်ဟုမျှော်မှန်းထားသည်။ မျှော်မှန်းချက် များပြည့်မီစေရန်အတွက် နိုင်ငံများနှင့်အဖွဲ့အစည်းများ အနေဖြင့် ကာကွယ်ဆေးထိုးစီမံချက်များတိုးချဲ့ရန်၊ မိခင်မှကလေးသို့ အသည်းရောင်အသားဝါ B ကူးစက်ခြင်းမှကာကွယ်ရေးကို အလေးပေး လုပ်ဆောင်ကြရန်နှင့် အသည်းရောင်အသားဝါ B နှင့် C ရောဂါများအတွက်ကုသမှုများကိုလည်း ပိုမိုလက်လှမ်းမီစေရေးဆောင်ရွက်ပေးကြရန် တိုက်တွန်းထားသည်။

 

Dr. Thanda Lin

www.drmyanmar.com