/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တုပ်ကွေးကာကွယ်ဆေးထိုးရင်-ဘယ်လိုအကျိုးကျေးဇူးတွေ-ရမလဲ

တုပ်ကွေးကာကွယ်ဆေးထိုးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တုပ်ကွေးကာကွယ်ဆေးက နှစ်တိုင်းမှာ တစ်နှစ်တစ်ကြိမ် ထိုးပေးဖို့ လိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးရင် ကောင်းလား၊ ဘယ်လိုအကျိုးကျေးဇူးတွေရလဲ ဆိုတာကို သိချင်ကြတဲ့သူတွေအတွက် တုပ်ကွေးကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေ အများကြီးထဲကမှ အကျဉ်းချုပ်လေးကို မျှဝေပေးချင်ပါတယ်။

♦        တုပ်ကွေးကာကွယ်ဆေးဆိုတဲ့အတိုင်း တုပ်ကွေးမမိအောင် ကာကွယ်ပေးပါတယ်။

♦        ကာကွယ်ဆေးထဲမှာပါတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားနဲ့ ဒီရာသီမှာဖြစ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်အမျိုးအစားနဲ့ တူသွားတယ် ဆိုရင်တော့ ကာကွယ်ဆေးထိုးထားရင် တုပ်ကွေးကြောင့် ဆရာဝန်ဆီ သွားရတာကို လျော့ကျစေပါတယ်။

♦        တုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့အခါမှာ ကလေးတွေ၊ အလုပ်လုပ်တဲ့အရွယ်တွေနဲ့ လူကြီးသူမတွေမှာ တုပ်ကွေးကြောင့် ဆေးရုံတက်ရတာကိုလည်း လျော့ကျစေပါတယ်။

          **      တုပ်ကွေးကာကွယ်ဆေးကြောင့် ဆေးရုံတက်ရတဲ့ အရေအတွက်ကို သောင်းဂဏန်းလောက် လျော့ကျစေပါတယ်။

          **      ၂၀၁၈ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၂၀၁၂ မှ ၂၀၁၅ အထိအတွင်းမှာ အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် တုပ်ကွေးကြောင့် အထူးကြပ်မတ်ကုသဆောင်ကို တက်ရောက်ကုသရမှုနှုန်းက 82% လျော့ကျခဲ့ပါတယ်။

♦        တုပ်ကွေးကာကွယ်ဆေးက နာတာရှည်ရောဂါအချို့နဲ့ ဆက်စပ်နေတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေကို ကာကွယ်ပေးပါတယ်။

          **      ကာကွယ်ဆေးက နှလုံးရောဂါရှိတဲ့သူတွေမှာ နှလုံးပြဿနာအချို့ကို ကျဆင်းစေပါတယ်။

          **      နောက်ထပ်လေ့လာမှုတစ်ခုအရ တုပ်ကွေးကာကွယ်ဆေးက ဆီးချိုဝေဒနာရှင်တွေနဲ့ နာတာရှည်အဆုတ်ဝေဒနာရှင်တွေမှာ ဆေးရုံတက်ရတာကို လျော့ကျစေပါတယ်။

♦        တုပ်ကွေးကာကွယ်ဆေးက ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာလည်း ကာကွယ်ပေးပါတယ်။

          **      ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်တွေမှာ တုပ်ကွေးနဲ့ ဆက်စပ်နေတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို တစ်ဝက် လျော့ကျစေပါတယ်။

          **      ပြီးတော့ ကိုယ်ဝန်ဆောင်တွေမှာ တုပ်ကွေးကြောင့် ဆေးရုံတက်ရနိုင်ချေကို 40% လောက် လျော့ကျစေပါတယ်။

          **      ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် မွေးပြီးတဲ့အခါမှာလည်း ကလေးကို တုပ်ကွေးကနေ ကာကွယ်နိုင်ပါတယ်။

♦        ကလေးတွေမှာဆိုရင် တုပ်ကွေးကာကွယ်ဆေးက အသက်အန္တရာယ်ကနေတောင်မှ ကင်းဝေးစေနိုင်ပါတယ်။

          **      ၂၀၁၇ မှာ လုပ်ခဲ့တဲ့လေ့လာမှုအရ တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးကြောင့် ကလေး အသက်ဆုံးရှုံးနိုင်ချေကို သိသာစွာ လျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။

♦        တုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့သူမှာ တုပ်ကွေးဖြစ်ရင်တောင် ပြင်းထန်ဆိုးရွားနိုင်ချေကို လျော့နည်းစေပါတယ်။

          **      ၂၀၁၇ ခုနှစ်မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးကြောင့် သေဆုံးမှု၊ အထူးကြပ်မတ်ကုသဆောင်ကို တက်ရောက်ရမှု၊ အထူးကြပ်မတ်ကုသဆောင်မှာ အချိန်ကြာမြင့်စွာနေရမှုနဲ့ ဆေးရုံတက်ရနှုန်းတွေကို လျော့နည်းစေပါတယ်။

♦        ကိုယ်ကိုယ်တိုင် တုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ကိုယ့်အနီးအနားကလူတွေ အထူးသဖြင့် ပြင်းထန်တုပ်ကွေး ဖြစ်နိုင်ချေများတဲ့သူတွေဖြစ်တဲ့ ကလေးတွေ၊ အဘိုးအဘွားတွေနဲ့ နာတာရှည်ရောဂါ ရှိတဲ့သူတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)