တုပ်ကွေးဖြစ်ပြီးရင် ဘာကြောင့်နုံးချိပြီး ကျန်ခဲ့တာလဲ
တုပ်ကွေးလိုမျိုး ဗိုင်းရပ်စ်ပိုးဝင်လို့ နေမကောင်းဖြစ်ပြီးနောက်မှာ ပင်ပန်းနွမ်းနယ်ပြီးတော့ အားတွေကုန်သွားသလိုမျိုး ခံစားရတတ်ပါတယ်။ ဘယ်လောက်ပဲအိပ်အိပ်၊ ဘယ်လောက်ပဲအနားယူယူ ပင်ပန်းနွမ်းနယ်နေတာပဲ။ ဒီလိုပင်ပန်းနွမ်းနယ်တာနဲ့အတူ အာရုံမစိုက်နိုင်တာ၊ ဦးနှောက်ထဲမှာ ဘာမှမရှိတဲ့ ခံစားချက်တွေ၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ အကြိတ်တွေကြီး၊ ကြွက်သားတွေ၊ အဆစ်တွေက နာတာတွေကိုလည်း ခံစားကြရတတ်ပါတယ်။
>> ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ?
ဒီပြဿနာတွေက ဗိုင်းရပ်စ်ပိုးဝင်လို့ ဖြစ်တာပါ။ ဗိုင်းရပ်စ်ပိုးတွေကတော့ အမျိုးမျိုး ရှိပါတယ်။
ဒီဗိုင်းရပ်စ်ပိုးတွေဝင်လို့ နေမကောင်းဖြစ်ပြီးရင် ဘာလို့ ဒီလိုမျိုး ပင်ပန်းနုံးချိပြီး ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းကို သေချာမသိရပေမယ့်လည်း ဖြစ်နိုင်ချေရှိတာတွေကတော့ -
● ဗိုင်းရပ်စ်ပိုးတွေကို ခန္ဓာကိုယ်ကနေပြီးတော့ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတွေက ဆက်ရှိနေတာ
● ရောင်ရမ်းခြင်းတွေကို ဖြစ်စေတဲ့ cytokines ဆိုတဲ့ဓာတ်တွေ များလာလို့
● အာရုံကြောတစ်သျှူးများ ရောင်ရမ်းခြင်း စတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။
>> ဘယ်လိုသိနိုင်မလဲ?
ပြောရမယ်ဆိုရင်တော့ တခြားအခြေအနေတွေမှာ ပင်ပန်းနွမ်းနယ်သလိုပဲ သူကလည်း ပင်ပန်းနွမ်းနယ်တာပဲဆိုတော့ ရောဂါရှာရတော့ နည်းနည်းခက်ပါတယ်။ ပင်ပန်းနွမ်းနယ်ရတဲ့ တခြားအကြောင်းတွေ ဟုတ်၊ မဟုတ် စစ်ဆေးဖို့အတွက် အချိန်ယူရပါတယ်။ ဒီတော့ ဆရာဝန် သွားမပြခင်မှာ ကိုယ့်ရဲ့ရောဂါလက္ခဏာတွေကို သေချာမှတ်သွားရင် ကောငး်ပါတယ်။ နေမကောင်းဖြစ်ဖူးတာတွေ (ဘယ်အချိန်က ဖြစ်ခဲ့တာလဲ၊ ဘယ်လောက်ကြာတော့ ပြန်ကောင်းသွားလဲ၊ ဘယ်လောက်ကြာကြာ လူက နုံးနေလဲ) ဆိုတာတွေကို မှတ်ထားပါ။ သိုင်းရွိုက်ချို့တဲ့ခြင်း၊ ဆီးချို၊ သွေးအားနည်းရောဂါ စတဲ့ တခြားရောဂါတစ်ခုခုကြောင့် ဒီလိုဖြစ်နေတာလားဆိုတာကို သိဖို့အတွက် သွေးစစ်၊ ဆီးစစ်လုပ်လို့ ရပါတယ်။
တခြားစစ်ဆေးမှုတွေအနေနဲ့ -
● နှလုံးသွေးကြောနဲ့ အသက်ရှူလမ်းကြောင်း အခြေအနေတွေကို သိဖို့အတွက် exercise stress test
● အိပ်မပျော်ခြင်း စတဲ့ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို လေ့လာဖို့အတွက် sleep study စတာတွေလည်း လုပ်လို့ရပါတယ်။
>> ဘယ်လိုကုလို့ရလဲ?
ဒါဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမသိတဲ့အတွက် ကုထုံးရယ်လို့လည်း သတ်သတ်မှတ်မှတ် မရှိပါဘူး။ ရောဂါလက္ခဏာအပေါ် မူတည်ပြီးတော့ပဲ ကုသရတာပါ။
● နာကျင် ကိုက်ခဲတာတွေအတွက် အကိုက်အခဲပျောက်ဆေး
● အားအင်တွေကို အရမ်းမကုန်သွားစေဖို့အတွက် နေ့စဉ်လုပ်ဆောင်ချက်တွေကို လျှော့ခိုင်းတာ
● ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ နှိပ်နယ်ခြင်း၊ အပ်စိုက်ကုသခြင်း စတဲ့ အားအင်ပြည့်စေပြီးတော့ စိတ်ရောကိုယ်ပါ ပြေလျော့စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။
>> ဒီလိုမျိုး ပင်ပန်းနွမ်းနယ်နေတာက ဘယ်လောက်ကြာမှာလဲ?
ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူသလို ဘယ်အချိန် ပြန်ပျောက်သွားမယ်လို့လည်း အတိအကျ ပြောလို့မရပါဘူး။ တချို့က တစ်လ၊ နှစ်လနေရင် ပုံမှန်ပြန်ဖြစ်ပြီးတော့ တချို့ကျတော့လည်း နှစ်နဲ့ချီပြီးတော့ ကြာသွားတတ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















