တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် မျိုးကွဲတစ်ခုကို ယူကေမှာ တွေ့ရှိ
တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် မျိုးကွဲတစ်ခုကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ယူကေနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ဒီ ကိုဗစ် မျိုးကွဲကြောင့် ကူးစက်ခံရသူဟာ ယူကေနိုင်ငံမှာ နှစ်ယောက်ရှိနေပါပြီ။ ဒီကူးစက်ခံရသူနှစ်ယောက်လုံးဟာ တောင်အာဖရိကကို ခရီးသွားရာဇဝင်ရှိသူနဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ယူကေမှာ အခုဆိုရင် တောင်အာဖရိကနိုင်ငံက လာတဲ့သူတွေကို အသွားအလာ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။
B1.351 လို့ အမည်ပေးထားတဲ့ ဒီ ကိုဗစ် မျိုးကွဲသစ်ကို တောင်အာဖရိကနိုင်ငံရှိ Nelson Mandela ပင်လယ်အော်မှာ အောက်တိုဘာလအစောပိုင်းက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက တောင်အာဖရိကမှာ ကိုဗစ် ကူးစက်သူဦးရေ မြင့်တက်ခဲ့တာကြောင့် ဒီ ကိုဗစ် မျိုးကွဲဖြစ်တဲ့ B1.351 ဟာ ကူးစက်နှုန်းမြန်တယ်ဆိုပြီး ပြောကြပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ ဒါ့အပြင် B1.351 မျိုးကွဲဟာ ရောဂါပိုပြင်းထန်စေသလား၊ ကာကွယ်ဆေး ထိရောက်မှု လျော့နည်းနိုင်သလားဆိုတာ ပြောနိုင်တဲ့ သက်သေအထောက်အထားတွေလည်း မရှိသေးပါဘူး။ တောင်အာဖရိကနိုင်ငံအနေနဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲရဲ့ သဘောသဘာဝနဲ့ ကူးစက်ပြန့်ပွားပုံ အခြေအနေတွေကို ဆက်လက်လေ့လာမှုတွေ ပြုလုပ်နေကြသလို ယူကေမှာလည်း ဒီမျိုးကွဲနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေကြပါတယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်တွေ မျိုးရိုးဗီဇပြောင်းတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရာသီတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တောင်မှ တစ်နှစ်တစ်ခါ မျိုးရိုးဗီဇ ပြောင်းလေ့ရှိပါတယ်။ အခုဆိုရင် ကိုဗစ်မျိုးကွဲတွေကို ယူကေမှာတင် အမျိုးကွဲပေါင်း ၄၀၀၀ ကျော်လောက် တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ တခြားနိုင်ငံတော်တော်များများမှာလည်း ကိုဗစ် မျိုးကွဲတွေကို တွေ့ရှိနေရပါတယ်။
ကိုဗစ်ဗိုင်းရပ်စ်ဟာ ဘယ်လိုပဲ မျိုးရိုးဗီဇပြောင်းပြီး မျိုးကွဲသစ်တွေထွက်နေစေကာမူ ဗိုင်းရပ်စ်ကူးစက်တာကို တားဆီးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာတာပဲ ဖြစ်ပါတယ်။ လူစုလူဝေးကို ရှောင်ပါ။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာမှာ နေပါ။ လက်ကို မကြာခဏဆေးပါ။ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။ ဒီလိုမျိုး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာတာဟာ ရောဂါကူးစက်တာကို ရပ်တန့်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)















