တေးဂီတစွမ်းပကားနဲ့ ဦးနှောက်ကို လတ်ဆတ်နုပျိုအောင် ထိန်းထားကြရအောင်
တေးဂီတဟာ သင့်ရဲ့ကိုယ်ခန္ဓာနဲ့စိတ်ကို နုပျိုစေဖို့အတွက် အကောင်းဆုံး ဦးနှောက်စွမ်းအား ဖြည့်ပေးတဲ့အရာ ဖြစ်ပါတယ်။ တေးဂီတသံစဉ်တွေက ဦးနှောက်ကို နုပျိုစေဖို့ ဘာတွေများ အကူအညီပေးနေတာပါလိမ့်။
သာယာတဲ့ တေးဂီတသံတွေဟာ လူတွေရဲ့စိတ်ဓာတ်ကို ပြောင်းလဲစေကြောင်း ခံစားချက်တွေကို ကောင်းစေကြောင်း လက်ခံထားကြပါတယ်။
ဦးနှောက်နဲ့ ဂီတဆက်စပ်ချက်ကြောင့် အလွန်အကျိုးသက်ရောက်မှု ကောင်းစေပြီး အလုပ်လုပ်နှုန်းကိုပါ သွက်လက်မြန်ဆန်စေပါတယ်။
>> နေ့စဉ်အလုပ်မှာ ဂီတသံကို ထည့်သွင်းထားခြင်းဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုကောင်းစေသလဲ?
● သားသမီးတွေ၊ မြေးငယ်လေးတွေ နားထောင်တဲ့ တေးဂီတသံကို နေ့စဉ်နားထောင်ကြည့်ခြင်းဖြင့် တေးဂီတအသစ်နဲ့ ထိတွေ့ရတာကို ဦးနှောက်က နှစ်ခြိုက်လာပါတယ်။ အစပိုင်းမှာတော့ နည်းနည်း နားကလောပေမယ့် နောက်ပိုင်းမှာ ကျင့်သားရပြီး နေလို့ကောင်း အဆင်ပြေသွားပါလိမ့်မယ်။
● အရင်က မမှတ်မိတဲ့ အကြောင်းအရာတွေကို အဲဒီတုန်းက နားထောင်ခဲ့တဲ့ ဂီတသံလေးနဲ့ ဆက်စပ်ပြီး နားထောင်ပေးခြင်းဖြင့် ဦးနှောက်က ပြန်လည်မှတ်မိနိုင်စွမ်းတွေ တိုးတက်လာပြီး ဦးနှောက်စွမ်းအား မြင့်တက်စေပါတယ်။
● အသက်ရလာတဲ့အမျှ အမျိုးမျိုးသော ဂီတသံတွေကို နားဆင်ကြည့်ပါ၊ ဘယ်လိုတေးဂီတက သင့်ကို နေလို့ကောင်းစေသလဲ ဆန်းစစ်ပါ။ တစ်ယောက်နဲ့တစ်ယောက် တေးဂီတ ခံစားနိုင်စွမ်း၊ နှစ်ခြိုက်နိုင်စွမ်းတွေ မတူညီတာကြောင့် မိမိအတွက် နေလို့ကောင်းစေမယ့် သီးသန့်ဂီတသံကို ရွေးချယ်နားဆင်သင့်ပါတယ်။
● နေမကောင်းတဲ့အခါ၊ ဖျားတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ နာကျင်မှုနဲ့ နပန်းလုံးနေရတဲ့ သူတွေအတွက်ကတော့ ဂန္တဝင်တေးဂီတလို ငြိမ့်ငြိမ့်ညောင်းညောင်း အေးအေးဆေးဆေးလေးတွေက အသင့်လျော်ဆုံးပါပဲတဲ့။ သီချင်းသံထက် ဂီတတူရိယာသံ၊ ဂီတသံ၊ စန္ဒယားသံလေးတွေဟာ နာကျင်မှုကို သက်သာစေပါတယ်။
● ဂီတသံဟာ နှစ်ခြိုက်စွာ အိပ်စေပါတယ်။ ငြိမ့်ညောင်းသာယာတဲ့ ဂီတသံလေးနဲ့ အမြဲအိပ်ရာဝင်ကြသူတွေဟာ ကျေနပ်နှစ်သိမ့်စွာ အိပ်မောကျသွားပြီး လန်းလန်းဆန်းဆန်း နိုးထလာကြပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















